Monday, November 7, 2011

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွား

ဒီဗွီဘီ

ကချင်ပြည်နယ် အတွင်း နေရာ အတော် များများမှာ နိုဝင်ဘာ ၆ ရက် ကစပြီး တိုက်ပွဲတွေ အပြင်း အထန်​ ​ဖြစ်ပွား နေတယ်လို့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။

“အဓိက ဖြစ်တာက ၀ိုင်းမော်မြို့ အထက်ပေါ့။ အဲဒီမှာ စစ်ကြောင်း တခု ၀င်ပြီး ရွာကို မီးရှို့ တာတွေ လုပ်တယ်။ နောက် တခုက ဂါးယန် ဘက် မှာလည်း ဖြစ်တယ်ဗျ။ ဂါးယန် ဘက်က တနေကုန် မနက်ည သန်ခေါင်းယံ အထိ ဖြစ်တယ်။ နောက်နေ့ မနက် မိုးလင်း တာနဲ့ ပြန်ဖြစ် တယ်။ တပ်မဟာ ၃ ဘက်မှာ လည်း ဖြစ်နေတယ် ပြောတယ်။ ဒီနေ့ မနက်က စပြီး သေနတ် သံတွေ မြည်နေ ကြပြီ။”

အစိုးရ စစ်တပ်က တပ်မတွေနဲ့ နယ်မြေခံတပ်တွေ ပူးပေါင်းပြီး နိုဝင်ဘာ ၆ ရက်မှာ ပူးပေါင်း စစ်ဆင်ရေး လုပ်တာလို့ ဆိုပါတယ်။ ကေအိုင် အိုက ရရှိထားတဲ့ သတင်း တွေအရ ကချင်ပြည်နယ်ထဲ အစိုးရ စစ်တပ်က တပ်မ ၈၈ အပါအ၀င် တပ်မတွေ ထပ်တိုး ချထားပြီး ခန့်မှန်းခြေ တပ်အင်အား နှစ်ထောင်လောက်နဲ့ စစ်ဆင်ရေး လုပ်မယ်လို့ သိရပါတယ်။အစိုးရက တဘက်က ငြိမ်းချမ်းရေး စကား ပြောနေ ပြီး တဘက်က ခုလို ထိုးစစ် ဆင်နေတဲ့ အပေါ် ဦးလနန်းက ခုလို မှတ်ချက်ပေး ပြောပါတယ်။

“သူတို့ လုပ်နေတဲ့ကိစ္စ အပစ်အခတ် ရပ်စဲရေးတွေ လုပ်မယ်။ ဆက်ဆံရေးရုံးတွေ ပြန်ဖွင့်မယ်။ နောက်ပြီးတော့ တဖက်နဲ့တဖက် နေရာသတ်မှတ်မယ်။ သွားလာတာ ကြိုတင်သတင်းပေးပြီး လုပ်ကြမယ်။ ဒေသဖွံ့ဖြိုးရေးကို ၀ိုင်းဝန်းပြီး စုပေါင်းလုပ်ကြမယ်ဆိုတဲ့သဘောပေါ့။ ဒီကာလ ဒီလိုမျိုးကတော့ ကျနော်တို့ ၁၇ နှစ် လုံးလုံး ကျနော်တို့ ကျော်ဖြတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် နိုင်ငံရေးနည်းလမ်းနဲ့ ဘယ်တော့အခါမှ ပြောဆိုဆွေးနွေးတာမျိုး မပေါ်ခဲ့ဘူး။ အခုလည်း အဲပုံစံလုပ်တဲ့အနေနဲ့ ထိုးစစ်ကို အရှိန်မြင့်ပြီး လုပ်လာတဲ့ ကိစ္စလို့ ပြောလို့ရပါတယ်ခင်ဗျ။”

ကချင်ပြည်နယ်ထဲ ပြီးခဲ့တဲ့ ဇွန်လကတည်းက အစိုးရတပ်နဲ့ ကချင် လွတ်မြောက်ရေးတပ် ကေအိုင်အေတို့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ အပတ်ထဲ ပြုလုပ်တဲ့ လွှတ်တော်ထဲ ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စ ကိုယ်စားလှယ်တဦးက မေးတာကို နယ်စပ်ဒေသ လုံခြုံရေးဝန်ကြီးက​ ​ပြန်လည်​ ​ဖြေကြားရာမှာ ကေအိုင်အေက ခုချိန်ထိ မိုင်းထောင်၊ လူသတ် လုပ်နေတုန်းလို့​ ​ပြောကြားခဲ့ပါတယ်။

No comments: