Monday, November 21, 2011

လွှတ်တော်ကို မယုံကြည်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံမည်

နေသွင်

လက်ရှိ လွှတ်တော်အပေါ် မယုံကြည် ပေမယ့်၊ လွှတ်တော်နိုင်ငံရေးကို ​နောက်ဆုံး ရွေးချယ်လိုက်တဲ့ ​ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဆက်လက် ၀န်းရံသွားမယ်လို့ ၈၈ မျိုးဆက်​ ​ကျောင်းသား ခေါင်းဆောင် ကိုထွန်းမြင့် အောင်က ပြောပါတယ်။

လက်ရှိလွှတ်တော်ဟာ​ ​တရားမျှတမှုမရှိတဲ့​ ​ရွေး​​ကောက်ပွဲတို့ကနေ​ ​ဖြစ်တည်လာတာ ဖြစ်လို့ စစ်မှန်တဲ့ အပြောင်းအလဲတွေကို ဖန်တီး ပေးနိုင်လိမ့်မယ်လို့ မယုံကြည်တာလို့ ပြည်တွင်းမှာ ပုန်းရှောင်နေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က ပြောပါတယ်။

“လွှတ်တော်ရှိနေတဲ့ အနေအထားဟာ သန့်ရှင်းစင်ကြယ်မှု မရှိသလို ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဟာလည်း လူထု အကျိုး စီးပွား အတွက် လူထုက လိုလိုလားလား ရေးဆွဲခဲ့တာ မဟုတ်ဘူး။ အဲတော့ ဒီအချက် ၂ ချက်ကြောင့် လွှတ်တော် အခင်း အကျင်းဟာ တိုင်းပြည်အတွက် တိုးတက်တဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယနေ့ထက်ထိ ကျနော်တို့ မယုံကြည်သေးပါဘူး။ လွှတ်တော် ကျင်းပနေတာ ၂ ကြိမ် ရှိသွားပြီ။ ယနေ့အထိလည်း ပြည်သူတရပ်လုံးကို ကိုယ်စားပြုတဲ့ သိသာ ထင်ရှားတဲ့တိုးတက်မှုတွေကို မတွေ့ရသေးပါဘူး။ အပေါ်ယံခေါင်းစဉ် ပြောင်းလဲမှုကတော့​ ​ပြလို့ရတာပေါ့။ ဒါပေမယ့် တကယ့်လူထု အခြေခံ လိုအပ်ချက်တွေက ခါတိုင်းလိုပဲ ရှိနေတုန်းပါပဲ။”

ဒါပေမယ့် ရွေးကောက်ပွဲလမ်းကြောင်းကို ရွေးချယ်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ၀န်းရံသွားမယ်လို့ ကိုထွန်းမြင့်အောင် က ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဘယ်လိုပဲ ဖြစ်ဖြစ် သူက လူထု ခေါင်းဆောင် တယောက်ပါ။ ပြည်သူလူထုအပေါ်မှာ လူထု အကျိုး စီးပွားကို ကြည့်ပြီး ထူထုအပေါ်မှာ သစ္စာ ရှိနေလိမ့်မယ်လို့ ကျနော်တို့ ဆက်လက်ပြီး ယုံကြည်ဆဲပါ။ သူ့ရဲ့ လုပ်ဆောင်မှုတွေမှာ ကျနော်တို့က ၀န်းရံ လိုက်ပါဖို့ ရှိနေပါတယ်။”

လောလောဆယ် တိုင်းရင်းသားဒေသတွေမှာ စစ်တွေ ဆက်ဖြစ်နေတာ၊ နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်မလွှတ် ပေးသေးတာ ကိုကြည့်ရင်၊ လက်ရှိ အစိုးရမှာ ရိုးသားမှု မရှိဘူးလို့ ကိုထွန်းမြင့်အောင်က ဝေဖန်ပါတယ်။

ဦးသိန်းစိန်အစိုးရဟာ ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ ၀န်းကျင်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ထင်ရှားတဲ့ ၈၈ မျိုးဆက်​ ​ကျောင်းသားခေါင်းဆောင်တွေကို ပြန်မလွှတ် ပေးသေးပါဘူး။

အစိုးရအနေနဲ့ အပြောင်းအလဲကို အမှန်တကယ်လိုလားရင် ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို အရင်ဆုံး ပြန်လွှတ် ပေးဖို့ လိုတယ်လို့ ကိုထွန်းမြင့်အောင်က ပြောပါတယ်။

“ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေ အားလုံး ပြန်ရောက်လာပြီးတဲ့အခါမှ သာလျှင် တိုင်းပြည်အတွက် ကျနော်တို့ အကောင်းဆုံး ပုံသဏ္ဍာန်ကို ညှိနှိုင်းတိုင်ပင်လို့ ရမှာပါ။ သေချာပေါက် ကျနော်တို့ ပြောနိုင်တာက ကျနော်တို့ ကျောင်းသား လူငယ်တွေအားလုံး၊ ၈၈ မျိုးဆက်ကျောင်းသားတွေ အပါအ၀င် ဒီမိုကရေစီ အင်အားစုတွေဟာ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး။ တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်းအတွက် ကျနော်တို့ ယုံကြည်ချက်ကို သတ္တိရှိရှိ လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

“တကယ်လို့သာ ဦးသိန်းစိန်အစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်ဆိုရင် ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေ အပါအ၀င် နိုင်ငံရေးအင်အားစုတွေကို လွတ်လပ်စွာ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ၀င်ခွင့်ပေးမယ် ဆိုရင် ကျနော်တို့ဟာ ဘယ်အဖွဲ့အစည်းနဲ့ပဲ ဖြစ်ဖြစ် လက်တွဲပြီးတော့ တိုင်းပြည်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေကို လက်တွဲ လုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ထောင်တွင်း မှာ ထည့်ထားမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ ပြဿနာဟာ ဒီလိုပဲ တ၀ဲလည်လည် ဖြစ်နေဦးမှာပါ။ ဒါကြောင့် နိုင်ငံရေး အကျဉ်း သား လွတ်မြောက်ရေးဟာ အရေးအကြီးဆုံးသော ပထမခြေလှမ်းဖြစ်တယ်လို့ ကျနော်တို့ ပြောချင်တာပါ။”

No comments: