Friday, November 4, 2011

ဗိုလ်ကြီးဟောင်း နေမျိုးဇင်အမှု နေပြည်တော် ဆက်တင်မည်

နေသွင်

အင်းစိန်ထောင်မှာ အီလက်ထရောနစ်ပုဒ်မနဲ့ ထောင် ၁၀ နှစ်ချခံထားရတဲ့ ကိုနေမျိုးဇင်ရဲ့ အယူခံအမှုကို တိုင်းတရားရုံးက ပယ်ချလိုက်ပြီးနောက်၊ နေပြည်တော် တရားရုံးမှာ ပြင်ဆင်ချက် တင်သွားမယ်လို့ ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

“နေပြည်တော်သွားပြီး ကျနော်ကိုယ်တိုင် သွားတင်မှာပါ။ ဒီကြားထဲတော့​ ​ဖြစ်ပါမယ်။ နေပြည်တော်မှာ နှစ်ဆင့်ရှိတယ်။ တရားသူကြီး​ တပါးတည်းထိုင်မယ့်​ ​ပြင်ဆင်မှုရုံးပေါ့။ အဲဒီပြင်ဆင်မှု ရုံးက​ ပယ်ပြန်ရင် နောက်ဆုံး ဥပဒေပြဿနာ အငြင်းပွားပြီးတော့ အထူး အယူခံ ဆိုတာ ရှိသေးတယ်။ တရားသူကြီး သုံးပါးထိုင်တယ်။ အဲဒီကို ဆက်တက်ဖို့ နှစ်ဆင့်​ ကျန်သေးတယ်။”

အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီးတရားရုံးမှာ စက်တင်ဘာ ၈ ရက်နေ့မှာ တင်ခဲ့တဲ့ အယူခံကို နိုဝင်ဘာ ၂ရက်နေ့မှာ တရားသူကြီး ဒေါ်အေးသန်းက အကြောင်းပြချက်မပေးဘဲ ပယ်ချခဲ့တယ်လို့ ဦးလှမျိုးမြင့်က ပြောပါတယ်။

ကိုနေမျိုးဇင်ဟာ အခုလောလောဆယ် အောက်ပိုင်းသေနိုင်လောက်တဲ့ အရိုးဒဏ်ရာ ရထားပေမယ့် ခွဲစိတ်ကုသခွင့် မရသေးပါဘူး။ အပြင်ဆေးရုံမှာ ခွဲစိတ်ကုသရမှာ​ ​ဖြစ်ပေမယ့်​ ​ထောင်ပိုင်က ခွင့်မပြုတဲ့အတွက် ထောင်ဆေးရုံမှာပဲ ဒဏ်ရာနဲ့ သောင်တင်နေတာ ၄ လခွဲရှိသွားပြီလို့ ဇနီးဖြစ်သူက ပြောပါတယ်။

ဒီနေ့ အင်းစိန်ထောင်ဆေးရုံမှာ ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ကိုနေမျိုးဇင်ရဲ့ဇနီး မဇင်မျိုးမော်က ခင်ပွန်းဖြစ်သူရဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“တွန်းလှည်းလေးနဲ့လာပြီး မထိုင်နိုင်တော့ စကားပြောတဲ့ပေါ်မှာ အိပ်လျက်လေး သူပြောနေတယ်။ သူ့ကြည့်ရတာ လူကတော့ နေကောင်းတယ်။ ခါးကနေရတာ တော်တော် အခြေအနေဆိုးနေတယ်။ ရေရှည်မှာ သူ့ကိုဒီတိုင်းဆက်ထားမယ်ဆိုရင် ကြာရင် တသက်လုံး ဒုက္ခိတဘ၀နဲ့ နေရတော့မယ်။ သူ့မှာ ချိုင်းထောက်ကြီးနဲ့ သွားရင်သွား၊ မသွားရင် တွန်းလှည်းလေးနဲ့သွား၊ အဲလိုနဲ့ပဲ အဲဒီထဲမှာ နေနေရတယ်။ အခုဟာက ​ထောင်ထဲမှာ​ ဆိုတော့ သူပြောတော့ ရေချိုးရတာတို့ အပေါ့အလေး​ သွားတာတို့ကတော့ ချိုင်းထောက်တွေနဲ့ပဲ သွားနေရတယ်။ ကိုယ်ဝတ်တဲ့​ အ၀တ်တွေ​ ​လျှော်ရတယ်ဆိုတော့ ခါးကမကောင်းတော့ နေရတာတော်တော် အဆင်မပြေဘူးလို့ ဒီနေ့သူပြောပြတယ်။”

ထောင်တွင်း အချုပ်မှာ ချော်လဲတဲ့ ဒဏ်ရာကြောင့် ခါးရိုးတချောင်းပဲ့သွားလို့ လှုပ်ရှားမရ ဖြစ်နေတာပါ။ အစောပိုင်းက ထောင်ဆေးရုံမှာပဲ ခွဲစိတ်ကုသဖို့ စီစဉ်ခဲ့ပေမယ့် ဆရာဝန်တွေက ထောင်ဆေးရုံကို စိတ်မချဘူးလို့ ဆိုပါတယ်။

“ထောင်ပိုင်ဦးသက်ရှည်က အပြင်မှာ ဆေးကုသခွင့်မပေးဘူး။ သူက ထောင်ဆေးရုံမှာ ခွဲစိတ်ကုသရင်လည်း ပစ္စည်းပစ္စယတွေ မစုံတဲ့အတွက် အန္တရာယ်ရှိတယ်လို့ ဆရာဝန်က ပြောတယ်။ ဖြစ်သလိုလေးနဲ့ ခွဲလိုက်ရင် အန္တရာယ်ရှိတော့ အပြင်ဆရာဝန်က မခွဲချင်ဘူးတဲ့။ ကြည့်ပြီးပြန်သွားတယ်။ အခု ဒီဆရာဝန်မလာတာ တော်တော်ကြာသွားပြီလို့ သူပြောတယ်။”

ကိုနေမျိုးဇင်ကို အပြင်ဆေးရုံမှာ ကုသခွင့်ရဖို့ မိသားစုက​ ​ပြည်ထဲရေးဌာနနဲ့ ​ထောင်အာဏာပိုင်တွေကို မေတ္တာရပ်ခံထားသလို၊ ကိုနေမျိုးဇင် ကိုယ်တိုင်ကလည်း အင်းစိန်ထောင် ကနေ သမ္မတဆီ စာပို့ဖို့ ကြိုးစား ပေမယ့် ထောင်ပိုင်က ခွင့်မပြုခဲ့ဘူးလို့ လည်း သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေ အများစုပါဝင်တဲ့ (ဘီဂျီ) အခမဲ့ ​ ​သွေးလှူအဖွဲ့ဝင်ဖြစ်တဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ပြီးခဲ့တဲ့ ဧပြီလမှာဖမ်းပြီး ဩဂုတ်လမှ ထောင်ချခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းဆီးမှုဟာ တရားလက်လွတ် ဖမ်းဆီးမှုဖြစ်ပြီး စစ်ကြောရေးကာလ ညှဉ်းပန်း နှိပ်စက်ခဲ့တာ၊ သူ့ရဲ့ အီးမေးထဲက အချက် အလက် တွေကို ပိုင်ရှင်သဘော တူညီချက်နဲ့ မဟုတ်ဘဲ ထုတ်ယူခဲ့တဲ့ ကိစ္စတွေဟာ ပြည်တွင်းဥပဒေနဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်မှု ဖြစ်တယ်လို့ ကိုနေမျိုးဇင်ရဲ့ ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

No comments: