လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက် လာသော နိုင်ငံရေး အကျဉ်းသား တယောက်က ရေးသားပေးပို့ခြင်း ဖြစ်သည်။ နာမည် ဆိုးဖြင့် ကျော်ကြားလှသော သာယာဝတီ ထောင်မှ ထောင် အာဏာ ပိုင်များ အကြောင်းကို ပြောပြထားခြင်း ဖြစ်သည်။
သာယာဝတီထောင်ပိုင် ကျော်နိုင်သည် သာယာဝတီထောင်သို့ စရောက်လာသည့်နေ့မှာပင် အကျဉ်းသားများကို (အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားများကို) နှိပ်ကွပ်မည်ဟု ကြွေးကြော် ဝင်ရောက်လာခဲ့သူ ဖြစ်သည်။
ဖြစ်စဉ် - ၁ ။ ။ ပထမအကြိမ်အဖြစ် တိုက်ဝင်းများရှိ နှစ်ထပ်တိုက်များတွင် အပေါ်ထပ်များ၌ ဆယ်စုနှစ်ပေါင်း များစွာ လူမထားခဲ့ပါ။ (လူထားရန် မသင့်တော်၊ အန္တရာယ်ရှိသည်ဟု ထောင်ပိုင် အဆက်ဆက်နှင့် အကျဉ်းဦးစီး ဌာန အင်ဂျင် နီယာ ဌာနခွဲ တို့မှ သတ်မှတ် ထားခဲ့သည်။) ထိုအပေါ်ထပ်များတွင် နိုင်ငံရေး အကျဉ်းသားများကို ထားရန် အတင်း အကျပ် လုပ်ပါတော့သည်။
နိုင်ငံရေး အကျဉ်းသားများကလည်း အပေါ်ထပ်တွင် အန္တရာယ်ရှိကြောင်း၊ ရှေ့ထောင်ပိုင် အဆက်ဆက် က လည်း ပြုပြင်ပြီး အပေါ်ထပ်တွင်လူထားရန် ကြည့်ခဲ့ကြပြီးတော့ အန္တရာယ်ရှိသည်။ လူထား၍ မဖြစ်ဆိုကာ လူမထားခဲ့ကြောင်း ပြောပြသော်လည်း အတင်းအကြပ်ပင် ထောင်ဝန်ထမ်း အင်အားဖြင့် အနိုင်အထက်ပြုလုပ်ကာ လူထားရန် ကြိုးစားခဲ့သဖြင့် နိုင်ငံရေး အကျဉ်းသားများက အစာငတ်ခံ ဆန္ဒပြပြီး အကျဉ်းဦးစီးဌာနမှ အဆင့်မြင့် အရာရှိများနှင့် တွေ့ကာ ရှင်းမည်ဟု ပြောမှပင် အပေါ်ထပ်ပြောင်းခြင်းကို ရပ်ဆိုင်းခဲ့ပါသည်။
သာယာဝတီ ထောင်တွင် စတာဝန်ထမ်းဆောင်သည့်နေ့မှာပင် အကျဉ်းသားများ၏ စားရိက္ခာကို တဝက်လျှော့ လိုက်ပါ သည်။ အကျဉ်းသားများကို အသားငါးကျွေးရန် မကိုက်သဖြင့် ဝယ်ရသမျှကိုသာ ဝေမျှပေးပြီး (တယောက် သုံးကျပ်သား) ကျွေးမည် ဖြစ်ကြောင်း၊ ဆီမှာလည်းဈေးကြီးသဖြင့် ပုံမှန် သုံးပုံးအစား တပုံး (တရက်နှစ်ပိသာ) နဲ့ လောက်အောင်ချက် ရမည် ဖြစ်ကြောင်း၊ ထောင်မှ ပုံမှန်ဝေပေးနေသည့် ရေနွေးထဲ ထည့်သောက်ရန် လက်ဖက်ခြောက်ကို မီးဖို အကျဉ်းသား များက ဝယ်ပြီးပေးရမည် ဖြစ်ကြောင်း စသဖြင့် လုပ်ဆောင်ခဲ့သည်။
ထောင်မှစိုက်သည့် စပါးခင်းများမှရသည့် စပါးကောင်းများ ဆန်ကောင်းများကို ရောင်းစားပြီး အလွန်ညံ့၊ အလွန် ဆိုးသော ဆန်များကို လဲလှယ် ချက်ကျွေးခြင်း၊ မနက်ပိုင်း ပုံမှန်ဝေသည့် ဆန်ပြုတ်ကို ဆန်ကွဲများ ပြုတ်ကျွေးခြင်း၊ အကျဉ်းဦးစီး ဌာနရုံးချုပ်မှ ထောင်တိုင်းကို ချပေးသည့် အကျဉ်းသားများ အတွက် ရှူးဖိနပ်များကို မဝေပေးဘဲ၊ အလုံးအရင်းလိုက် ရောင်းစားခြင်း စသည်ဖြင့် လက်ရဲဇက်ရဲ ပြုလုပ်ခဲ့သည်။
အကျဉ်းသား လူနေဆောင်များ မီးမလာလျှင် ထွန်းရန် ဝေပေးထားသည့် ထောင်တွင်းဖြစ် အင်ဂျင်မီးများကို ဆီဖိုး မလုံလောက်ဟု အကြောင်းပြကာ ဖြုတ်သိမ်းခြင်း၊ လျှပ်စစ်မီးများကိုလည်း မီတာခဈေးကြီးသည် ဆိုကာ တနေကုန် ဖြတ်ထားခြင်း တို့ကြောင့် ညအချိန် အကျဉ်းသား အဆောင်များတွင် မသမာသူ အကျဉ်းသားများမှ မကောင်းမှု ပြုလုပ်ခြင်းများကို အားပေး အားမြေုာက် ပြုထားခြင်း၊ မီးဖြတ်ထားသဖြင့် ရေစက်မောင်း၍ မရ သဖြင့် ရေမရခြင်းကို ဂရုမစိုက်ခြင်း၊ အကျဉ်း သားများမှ ရေအခက်အခဲ ရှိကြောင်း အဆောင်မှူးများမှ တဆင့် တင်ပြ သတင်းပို့သော်လည်း လာရောက်တင်ပြ သတင်း ပို့သည့် အဆောင်မှူးများကို ဆူဆဲလွှတ်ကာ တုံ့ပြန် ခဲ့သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းတဦး
(သာယာဝတီအကျဉ်းထောင်)
No comments:
Post a Comment