Friday, November 11, 2011

ကြူကုတ်(ပန်ဆိုင်း)နှင့်နမ့်ခမ်း မြို့များတွင် ဗုံးကွဲ ၊ ရဲအရာရှိ တစ်ဦးသေဆုံး

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်အတွင်းရှိ ကြူကုတ်(ပန်ဆိုင်း)နှင့် နမ့်ခမ်းမြို့များတွင် ယမန်နေ့ညပိုင်းက ဗုံးများပေါက် ကွဲမှုကြောင့် ရဲအရာရှိတစ်ဦး သေဆုံးပြီး တခြားလူ ၆ ဦးခန့် ဒဏ်ရာရရှိကြောင်း သိရသည်။

ည ၈ နာရီခန့် ကြူကုတ်မြို့ မန့်မိုင်ရပ်ကွက်၌ ဖွင့်ထားသော ကားဝပ်ရှော့ခ်ရုံတစ်ခုအတွင်းဗုံးတစ်လုံးပေါက် ကွဲခဲ့ရာဝပ်ရှော့ခ်ပိုင်ရှင် အမျိုးသမီးနှင့် ကလေးတစ်ဦး ဒဏ်ရာရရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“၀ပ်ရှော့ခ်ရုံမှာကွဲတာ။ ပိုင်ရှင်အမျိုးသမီးနဲ့ သူ့ရဲ့သား ဒဏ်ရာရတယ်။ သေတာတော့ မရှိဘူး။ အဲဒီကား ဝပ်ရှော့ခ်မှာ ထောက်လှမ်းရေး တွေနေတယ်ဆိုပြီး လုပ်တဲ့သဘောရှိတယ်” ဟု သူကဆိုသည်။

၎င်းနောက် ည ၉ နာရီခန့်တွင် နမ့်ခမ်းမြို့ ရဲစခန်းရှေ့၌ နောက်ထပ် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ရာ ဒုရဲအုပ် ဇော်ထူးအောင် သေဆုံး သွားပြီး ရဲသား ၄ ဦး ဒဏ်ရာရရှိကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးကပြောသည်။

“လူနှစ်ယောက်ဆိုင်ကယ်စီးပြီး အထုပ်တစ်ထုပ်ကို ဈေးရောင်းတဲ့ခုံအောက်မှာ လာထားသွားတာကို ရဲတွေက တွေ့တယ်။ အဲဒီမှာ ဈေးနေ့ဆိုရင် ဒေသခံတွေ ဈေးလာရောင်းတဲ့နေရာလေ။ အထုပ်သွားဖြေကြည့်တာနဲ့ ပေါက်တာဘဲ။ ဒုရဲအုပ် ဇော်ထူးအောင် က နမ့်ခမ်းဆေးရုံမှာ ဆုံးသွားတယ်။ ရဲ ၄ ယောက်လည်း ဒဏ်ရာရလို့ အခုနမ့်ခမ်းဆေးရုံမှာ” ဟုသူက ဆိုသည်။

နမ့်ခမ်းမြို့အုပ်ချုပ်ရေး အာဏာပိုင်တစ်ဦးက ဗုံးပေါက်ကွဲမှုဖြစ်စဉ် မှန်ကန်ကြောင်း သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောသော် လည်း အသေးစိတ်အချက်အလက်နှင့် မည်သည့်အဖွဲ့လက်ချက်ဖြစ်သည်ကိုပြောဆိုခြင်း မရှိပါ။

အဆိုပါ နမ့်ခမ်းမြို့ ဗုံးပေါက်ကွဲမှုတွင် ယနေ့နံနက်ပိုင်း ဖုန်းကင်မရာဖြင့် ဓါတ်ပုံရိုက်ယူသူအမျိုးသမီးငယ်တစ်ဦး အား ရဲများက ဖမ်းဆီး ခေါ်ဆောင်သွားပြီး နေ့ခင်းပိုင်း၌ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲပြီးနောက် နမ့်ခမ်းမြို့ အနောက်ဘက် မန့်ဝိန်းကြီးသွားလမ်း ဟင်လုံရွာဘက်(နမ့်ခမ်းမြို့နှင့် ၇မိုင် ခန့်အကွာ)၌ သေနတ် သံများ ကြားရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရပါသည်။

နမ့်ခမ်းမြို့နယ် အပါအဝင်ဖြစ်သည့် မူစယ်ခရိုင်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ဗမာ့တပ်မတော်တို့ ဆက်လက် တိုက်ပွဲဖြစ် ပွားနေပါသည်။

ယခုလ ၈ ရက်နေ့ ညပိုင်း၌လည်း နမ့်ခမ်းမြို့နယ် ကွန်လုံကျေးရွာအနီးရှိနမ့်မချောင်းကူးတံတား၌ ဗုံးနှစ်လုံး ဆက် တိုက် ပေါက်ကွဲ ခဲ့သေးသည်။

No comments: