Thursday, November 17, 2011

စစ်တပ်အင်အားလျှော့ချနိုင်လျှင် မူးယစ်ပြဿနာဖြေရှင်းနိုင်မည်ဟု SDW အဖွဲ့ပြော

မွေခေါဝ်


အစိုးရ ချမှတ် ထားသည့် မူးယစ် ဆေးဝါး ပပျောက် ရေး ၁၅ နှစ် စီမံကိန်း အောင်မြင် လိုပါက စစ်တပ် အင်အားကို လျှော့ချ ရမည်ဖြစ် ကြောင်း သျှမ်းပြည် မူးယစ် ဆေးဝါး စောင့်ကြည့် လေ့လာရေး အဖွဲ့ခေါင်း ဆောင် ဦးခင်းဆာယီ က ပြောပါသည်။

“အစိုးရက တပ်တွင်းဖူလှုံရေး ရံပုံငွေရှာဖို့ အခွင့်ပေးထားတဲ့အတွက် လူထုအပေါ် ၀န်ပိစေတယ်။ လူထုကို ဘိန်းစိုက်ခိုင်းပြီး အခွန် ကောက် တယ်။ လူထုက စစ်သားတွေ စားသောက် သုံးစွဲဖို့ လုပ်ပေး နေရတယ်။ ဒါ ကြောင့် စစ်တပ် အင်အားကို လျှော့ချ နိုင်ရင် မူးယစ်ပြ ဿနာ ဖြေရှင်းနိုင်မယ်” ဟု ပြောပါသည်။

မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းလိုလျှင် ရေတိုနည်းအားဖြင့် နိုင်ငံရေးအကျဉ်းသားလွတ်ပေးရန်၊ နိုင်ငံတဝှမ်း အပစ်ရပ် စဲရန် ၊ ပြည်သူ လူထု တောင်းဆိုထားသည့်အတိုင်း နိုင်ငံရေးဆွေးနွေးရန် တို့ဖြစ်သည်ဟု ဆို၏။

“ရေရှည်နည်းကတော့ ပင်လုံဟာ ပြည်ထောင်စုရဲ့အုတ်မြစ်ဖြစ်တဲ့အတွက် လျစ်လျူ မရှုဘဲ ပြန်ဖော်ထုတ်ဖို့၊ ပညာရေး စနစ်ကို ပြန်ပြင်ဖို့၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြန်ပြင်ဖို့ လိုတယ်။ ဒီလိုလုပ်နိုင်ရင် ၂၀၁၄ မှာ တရားဥပဒေနဲ့ မညီတဲ့ ဘိန်းစိုက်ပျိုးမှု၊ ဘိန်းထုတ်လုပ်မှု၊ ဘိန်းကုန်ကူးမှုတွေ ပပျောက်သွားမှာ ဖြစ်တယ်”လို့ ဦးခင်းဆာယီက သျှမ်းပြည်မူးယစ်ဆေးဝါးပြဿနာ အစီရင်ခံစာမိတ်ဆက်ပွဲ၌ ပြောကြားခဲ့သည်။

သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေး အမှတ် ၄ အစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀:၃၀ နာရီမှ နေ့လည် ၁၂: ဝဝ နာရီကျော်ထိ ချင်းမိုင်မြို့ နီမန်ဟေီမင်ဒ်လမ်းရှိ Uniserv ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

သျှမ်းပြည်ရှိ ပအိုဝ်းလူမျိုးများ သမရိုးကျ သနပ်ဖက်စိုက်ပျိုးမှုကို ပစ်ပယ်ကာ ဘိန်းစိုက်ပျိုးမှုခေတ်စားလာ သကဲ့ သို့ ပလောင် လူမျိုး များလည်း သမရိုးကျ လက်ဖက်ကို ပစ်ပယ်ကာ ဘိန်း စိုက်ပျိုးမှု များပြား လာသည်ဟု အဆိုပါ အစီရင် ခံစာ မိတ်ဆက်ပွဲ တက်ရောက် သည့် ပလောင် အမျိုး သမီး အဖွဲ့က ဆို၏။

“အာဏာပိုင် တွေက ပြည်သူတွေ ဘာလုပ် နေသလဲ ဆိုတာ ဂရု မစိုက် အားဘူး။ စစ်ပွဲ တွေကိုဘဲ အာရုံစိုက် နေတယ်။ နောက်ပလောင် လူမျိုးတို့ မိရိုးဖလာ စိုက်တဲ့ လက်ဖက်ကလဲ ဈေးနှုန်းကျ လာတော့ သူတို့ရဲ့ စားဝတ် နေရေး အတွက် ဘိန်းပိုစိုက် လာကြ တယ်” လို့ ပလောင် အမျိုးသမီးအစည်းအရုံးမှသတင်းမှတ်တမ်းနှင့်သုတေသန ဌာန တာဝန်ခံ လိုည်းစဲင်ဘ္လော့ က ပြောပါသည်။

၁၉၉၉ ခုကစ၍ အစိုးရက မြို့နယ် ၅၁ ခုကို မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းအဖြစ် အဓိကထား လုပ်ဆောင်ရာ သျှမ်းပြည် တွင် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ မြို့နယ်၊ မိုင်းလားမြို့နယ်၊ လောက်ကိုင်မြို့ နယ်(ကိုးကန့်)၊ ပန်ဆိုင်းမြို့နယ်နှင့် ကချင်ပြည် မိုးမောက်မြို့နယ်တို့၌သာ အောင်မြင်မှုရရှိသည်ဟု သိရှိရ သည်။

မြေပြင်ပေါ်ရှိ အဖြစ်မှန်များကို ထုတ်ဖော်ပြသလိုခြင်းနှင့် မြန်မာပြည်မှ မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံ ရေးပြဿနာ၏ နောက်ဆက် တွဲဖြစ်ကြောင်း ကို ပြလိုခြင်းကြောင့် သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့် လေ့လာရေး အစီရင်ခံစာ ထုတ်ဝေရခြင်းဖြစ်သည်ဟု ဆို၏။

No comments: