ရွှေအောင်
ရန်ကုန်၊ မန္တလေး၊ မုံရွာနဲ့ ပြည်မြို့တွေအတွက် ဓာတ်အားပေးစက်အသစ်တွေ ထပ်မံဝယ်ယူထားပြီး လ်ွပ်စစ်ဓာတ်အား ပိုပြီးဖြန့်ဖြူးပေးနေတယ်လို့ ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ရန်ကုန်မှာ မီးစက် ၁၁ လုံး၊ မန္တလေးမှာ အလုံး၂၀၊ ပြည်မှာ ၅ လုံးနဲ့ မုံရွာမှာ ၂ လုံး ဝယ်ယူပြီး မီးပိုပေးနေတယ်လို့လည်း သတင်းက ဆိုပါ တယ်။
မီးပိုပေးမယ်ဆိုတဲ့မြို့တွေဟာ လ်ွပ်စစ်မီးအပြည့်အဝရရှိဖို့ ဆန္ဒဖော်ထုတ်ခဲ့ကြ တဲ့ မြို့တွေဖြစ်ပြီး ရန်ကုန်မြို့ခံတဦးကတော့ အရင် တရက် ၆ နာရီ မီးရနေရာမှ အခု ရက်ပိုင်းမှာ နာရီဝက် ပိုရလာတယ်လို့ ပြောပါတယ်။
ခုရက်ပိုင်းကြုံတွေ့ရတဲ့ မီးအခြေအနေကို မြို့ခံက “မီးလာရင်တော့ ရေ တင် လို့ ရပါတယ်။ မီးမလာရင် ဘာမှလုပ်မရဘူး။ မနက် ၅ နာရီ မီးပျက်မယ်ဆိုတော့ ညကတည်းက ထမင်းချက်ထားရတယ်။ ဟင်းလည်း ကြုံသလိုပဲ။ ဆွမ်းတွေလည်း ကြုံသလိုပဲ လှူရတာပဲ၊ မီးပုံမှန်လာရင်တော့ အဆင်ပြေတယ်။ အခုချိန်က အရမ်းပူတယ်လေ။ တိုက်ခန်းတွေဆိုတော့ လှောင်ပိတ်နေတာ။ မီးလာတော့ ပန်ကာလေး ဘာလေးဖွင့်ရတော့ တော်သေးတယ်။ အခုလောလောဆယ်တော့ သူတို့ကြေညာထားသလိုတော့ ရတယ်လို့ ပြောလို့ရပါတယ်။”
မန္တလေးမှာလည်း တရက် ၆ နာရီ မီးရမယ်ဆိုတဲ့အတိုင်း ၆ နာရီ မီးရနေပြီး အဲ့ဒီ ၆ နာရီအတွင်း မီးမကြာခဏ ပျက်တာမျိုး မကြုံရတော့ဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
“အရင်က ၁၁ နာရီပျက်မယ် ဆိုပေမယ့် ၁၅ မိနစ်၊ ၃၀ မိနစ်လောက် စောပျက်တာမျိုးရှိတယ်။ ကြားထဲ မှာလည်း ပျက်တယ်။ အကြာကြီးနေမှ ပြန်လာတာမျိုး၊ ၅ မိနစ်ကြား၊ ၁၀ မိနစ်ကြား ပျက်တာတွေရှိတယ်။ အခုတော့ နေ့လယ် ၁၁ နာရီလာရင် ညနေ ၅ နာရီမှပျက်တယ်။ အရင်ကလိုတော့ မပျက်တော့ဘူး။”
လ်ွပ်စစ်ဓာတ်အား လိုအပ်ချက်ကို အလျင်အမြန် ဖြည့်ဆည်းပေးနိုင်ဖို့ နေရာရွှေ့ပြောင်းပြီး အလျင်အမြန် တပ်ဆင် ဓာတ်အားပေးနိုင်တဲ့ စက်တွေ ဝယ်ယူရေး ထိုင်းနိုင်ငံအခြေစိုက် လ်ွပ်စစ်ကုမ္ပဏီတခုနဲ့ အမှတ် ၂ လ်ွပ်စစ် ဝန်ကြီးဌာနတို့ ဆွေးနွေးနေတဲ့အကြောင်း မေ ၂၃ ရက်ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။
အခုရက်ပိုင်းအတွင်း လ်ွပ်စစ်မီးရရှိဖို့ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့တချို့မှာ ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပြီး တချိန်တည်းမှာပဲ လ်ွပ်စစ်ဓာတ်အားဖြန့်ဖြူးပေးတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း အခုလိုသတင်းတွေ ဆက်တိုက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဒီသတင်းထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရအောင် သက်ဆိုင်ရာ အမှတ် ၂ လ်ွပ်စစ်ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးရုံးအဖွဲ့မှူး ဦးခိုင်ဇော် ဖုန်း ၀၉ ၈၆၀ ၃၀၀၃ ကို မေ ၂၃ နဲ့ ၂၄ ရက်တွေမှာ ဒီဗွီဘီက ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ကာယကံရှင်ကို လုံးဝဆက်သွယ်လို့ မရခဲ့ပါဘူး။
No comments:
Post a Comment