Friday, May 25, 2012

မီးမရရင် ပင်လယ်စာတွေ ပုပ်ကုန်မယ်

ခင်ဦးသာ on May 25, 2012

စက်ရုံ၊ အလုပ်ရုံများအား လျှပ်စစ်မီး လုံးဝဖြတ်တောက်လိုက်ခြင်းကြောင့် ပြည်ပတင်ပို့ရန် သိုလှောင်ထား သည့် အမေရိ ကန်ဒေါ်လာ သန်း ၂၀၀ ၀န်း ကျင် တန်ဖိုး ရှိသည့် ငါး၊ ပုစွန် များ ဆုံးရှုံးသွားနိုင်ဖွယ် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အအေးခန်း စက်ရုံ ၂၃ ရုံ၌ သိုလှောင်ထားသည့် ငါး၊ ပုစွန် စသည့်ရေထွက်များ အအေးဓာတ် မလုံလောက် ပါက ပုပ်သိုးသွား နိုင်သည့်အပြင် လျှပ်စစ်မီး မရရှိသည့် အတွက် ကုန်ကြမ်း ပစ္စည်း များ လည်း ၀ယ်ယူ သိုလှောင်ရန် အခက်အခဲများရှိနေကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ဧရာဝတီ ကိုပြော သည်။

“လည်ပတ်နေတဲ့ ၂၃ ရုံမှာ အလုပ်သမားက အဆိုင်းလိုက် ဆိုရင် ၁၀၀၀ လောက် ရှိတယ်၊ မီး မရတော့ ကုန်ကြမ်းတွေ ထပ်ပြီး ၀ယ်မ လှောင်ကြ တော့ဘူး၊ ဒီတော့ အလုပ် သမားတွေ အတွက် လည်း အခက်အခဲတွေ ဖြစ်လာနိုင်သေးတယ်” ဟု ဦးဝင်းကြိုင် က ဆို သည်။

ရန်ကုန်မြို့၌ အအေးခန်း စက်ရုံ ၇၀ ကျော်ရှိသော်လည်း ၂၃ ရုံသာ ပုံမှန်လည်ပတ်နိုင်ပြီး၊ ကျန်စက်ရုံ များမှာ အကြောင်းအမျိုး မျိုးကြောင့် ရပ်နားထားရကြောင်း၊ လျှပ်စစ်မီး မလုံလောက်ပါက လက်ရှိ ၂၃ ရုံ နှင့် အလုပ်သမားများ ရေရှည်လည်ပတ်နိုင်ရေး ၊ ပင်လယ်ပြင်ရှိ ငါး ဖမ်း လှေများနှင့် ရေလုပ်သားထောင်ပေါင်းများစွာ တို့လည်း အခက်အခဲများ ရှိလာနိုင် သည် ဟု ၎င်း က ဆက်ပြော သည်။

နိုင်ငံပိုင် စက်ရုံ တချို့နှင့် ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများ ၌ ကိုယ်ပိုင် မီးစက်များရှိသည်ဟုဆိုကာ လျှပ်စစ်မီးပေးဝေမှုကို မေလ ၁၉ ရက်နေ့မှ စ၍ လုံးဝ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း၊ ပြည်သူများ ကိုမူ တရက် ၆ နာရီနှုန်း၊ အလှည့်ကျ စနစ်ဖြင့်မီးပေး သွား မည် ဟု မေလ ၂၂ ရက်နေ့ထုတ် အစိုးရ သတင်းစာများ က ကြေညာခဲ့ သည်။

“အရင်က တနေ့ကို လျှပ်စစ်မီး ၅ နာရီဝန်းကျင်ရတော့ ကျန်တဲ့ အချိန်မှာ ကိုယ်ပိုင် မီးစက်တွေနဲ့ အအေးဓာတ်ပေးလို့ရတယ်၊ အခုက လုံးဝ မီးမရ တဲ့အတွက် ကိုယ်ပိုင် မီးစက် အချိန်ပြည့် သုံးနေရတော့ စက်တွေက ရေရှည်မခံနိုင်ရင် ဒေါ်လာ သန်း ၂၀၀ ဖိုး ငါး၊ ပုစွန်တွေ ဆုံးရှုံး သွားနိုင် တာပေါ့” ဟု ဦးဝင်းကြိုင် က ဆိုသည်။

အအေးခန်းများ၌ သိုလှောင်ထားသည့် ငါး၊ ပုစွန်များ အတွက် အအေးဓာတ်ကို အနှုတ် ၁၈ ၊ ၂၀ ဒီဂရီ စင်တီ ဂရိတ်အထိ လျော့ ချနေရ ကြောင်း၊ ထိုကြောင့် ကိုယ်ပိုင် မီးစက်များရှိသော်လည်း ရေရှည်တွင် ခံနိုင်ရည်အား လျော့ကျ၍ စက်ချွတ် ယွင်း မှုများ ဖြစ် လာနိုင် ကြောင်း သိရ သည်။

အအေးခန်းလုပ်ငန်းများသည် လျှပ်စစ်ကို အဓိကထားရသည် လုပ်ငန်းများဖြစ်၍ အချိန်ပြည့်မရသည့်တိုင် ညသန်းခေါင် အချိန် ၌ လျှပ် စစ် မီးရရှိရေး အတွက် ရေလုပ်ငန်းရှင်များ သက်ဆိုင်ရာ ၀န်ကြီး ဌာန များ၊ တိုင်းဒေသအစိုးများနှင့်ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးဝေရေး အဖွဲ့ တို့ထံ အကူ အညီ တောင်းခံထား ကြောင်း သိရ သည်။

လျှပ်စစ်မီး အခက်အခဲကြောင့် ရေထွက်ကုန်ကြမ်းပစ္စည်းများ ၀ယ်ယူသိုလှောင်မှု ရပ်ဆိုင်းသွားပါက ပြည်ပပို့နေသည့် ရေထွက်ကုန် ပစ္စည်း တင်ပို့မှု ခေတ္တရပ် ဆိုင်းသွား နိုင်သည်။ အလားတူ ငါးမွေးကန် များ၏ ထုတ်လုပ်မှု လုပ်ငန်းများလည်း လျော့ကျလာပြီး ဈေးကွက်၌ ရေထွက်ကုန် ပစ္စည်းများ ပြတ်လပ်မှု ဖြစ်ပေါ်လာနိုင်သည်။

မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများ အား အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများ၊ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ဥရောပ နိုင်ငံ တချို့သို့ တင် ပို့လျက် ရှိ ကြောင်း သိရသည်။

ပြည်ပတင်ပို့သည့် ရေထွက်ကုန် ပစ္စည်းများမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာ သန်း ၄၀၀၊ ၅၀၀ ၀န်းကျင် ရှိခဲ့ ပြီး၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ သန်း ၆၀၀ အထိ ပိုမိုရရှိခဲ့ ကြောင်း၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ အထိမျှော် မှန်းထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန ၏ ထုတ်ပြန် ချက်အရ သိရသည်။

လက်ရှိဖြတ်တောက်ထားသည့် လျှပ်စစ်မီးသည် ရက်ပိုင်းခန့်သာ ဖြတ်တောက်ထားခြင်း ဖြစ်ပါက ပြည်ပပို့ ရေထွက် ပစ္စည်းမှ ရရှိသည့် ၀င် ငွေ လျော့ကျသွားဖွယ် မရှိကြောင်း၊ လက်ရှိ သိုလှောင်ထားသည့် ရေထွက်ပစ္စည်း ပမာဏတန် ဖိုးကြီး မား၍ တာဝန်ရှိသူများ အနေဖြင့် လည်း အမြန်ဆုံး ဖြေရှင်းပေး မည်ဟု ယူဆ ကြောင်း ဦးဝင်းကြိုင် က ပြောသည်။

လျှပ်စစ်မီး ဖြတ်တောက်ခံထားရမှုကြောင့် ရေထွက်ကုန် ပစ္စည်းများကဲ့သို့ တခြားသော စက်ရုံ၊ အလုပ်ရုံများ သည်လည်း လည် ပတ်ရန် ခက်ခဲနေပြီး၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ကျဆင်းလာကာ ထုတ် ကုန်ပစ္စည်းများ ဈေးကြီးမြင့်လာနိုင်ကြောင်း၊ လှိုင်သာယာ စက်မှု ဇုန် များ ၌ အလုပ်သမားဦးရေ ၅၀၀၀၀ ၀န်းကျင်ရှိကြောင်း၊ လှိုင်သာယာ စက်မှုဇုန်များ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်း အောင် က လည်း ဧရာဝတီ ကို ပြောသည်။

စက်ရုံ၊ အလုပ်ရုံများသည် အစိုးရ ဌာနမှ လျှပ်စစ်မီးဖြင့် လည်ပတ်ပါက တယူနစ်လျှင် ကျပ် ၅၀ သာကုန်ကျပြီး၊ ကိုယ်ပိုင် မီး စက်အသုံးပြု ပါက တယူနစ်လျှင် ကျပ် ၃၀၀ ကုန်ကျကြောင်း လုပ်ငန်းရှင်များ ကပြောသည်။

2 comments:

Anonymous said...

ကျုပ်တို့ မြိတ်က စက်ရုံအလုပ်ရုံတွေ အားလုံး ကိုယ့်မီးစက်နဲ့ ကိုယ်သုံးနေရတာ ဘယ်လောက်ကြာနေပြီလဲဗျာ၊ မြို့ ထဲမှာဆိုရင်လည်း မီးတစ်ယူနစ်ကို ၄၃၀ ကျပ်နဲ့ သုံးနေရတာ နှစ်ပေါင်းမနည်းတော့ပါဘူး၊ တိုင်းသူပြည်သားချင်းအတူတူ ကျုပ်တို့ ဖက်ကိုလဲ အစိုးရမီးလေးပေးဖို့ ခေါင်းထဲထည့်ထားပေးကြပါ အစိုးရမင်းတို့ ခင်ဗျား။ ဒီကြားထဲ မွေး/ရေ ၀န်ကြီးလုပ်သူက ကျုပ်တို့ တိုင်းတစ်ခုထဲကို ငါးဖမ်းခွင့် သုံးလပိတ်ဖို့ လုပ်ထားပြန်ပြီ၊ ကျန်တဲ့တိုင်းတွေကိုတော့ မပိတ်ပဲ ကျုပ်တို့ တိုင်းတစ်ခုထဲကို ပိတ်တာက ၀န်ကြီးလုပ်သူဟာ ကျုပ်တို့ တိုင်းက လူတွေကို ထမင်းငတ်စေချင်လို့ လား၊ ဆူပူစေချင်လို့ တမင်လုပ်တာလား မေးပါရစေခင်ဗျ။

Anonymous said...

ကျနော်လဲ ဘိတ်သားပဲ ၊ မွေးရေ၀န်ကြီးက ကျနော်တို့ တနင်္သာရီတိုင်းတစ်ခုထဲကို ငါးဖမ်းဆီးခွင့်သုံးလပိတ်တာ ဘာသဘောလဲ တရားမျှတမှု လုံးဝမရှိပါ၊ သူအဓိက ပိတ်တဲ့ ငါးဖမ်းလှေတွေအဓိက အခြေပြုတဲ့ မြိတ်မြို့ ကို သူ ၀န်ကြီးဖြစ်ပြီး ကတည်းက ဘယ်နှစ်ခေါက်ရောက်ခဲ့လို့  ဒီလိုမျိုးဆုံးဖြတ်ရတာလဲ၊ အောက်ခြေလူတန်းစားတွေ စားဝတ်နေရေးအတွက် ဘယ်လိုရုန်းကန်နေကြရတယ်ဆိုတာ တခါမှလာမကြည့်ဖူးပဲနဲ့  ဒီလိုအမိန့် မျိုးကို အရှက်မရှိထုတ်ရဲသေးတယ် ။ ငါးဖမ်းဆီးခွင့် ကို ကျန်တဲ့တိုင်းတွေမပိတ်ရပဲ တနင်္သာရီတိုင်းတစ်ခုထဲ ကိုဆက်ပိတ်ထားရင်တော့ ရတဲ့နည်းနဲ့ တုံ့ ပြန်ကြမယ်ဗျို့ ။