Friday, May 25, 2012

မန္တလေး - မူစယ်လမ်းတွင် ကုန်ကား တစီး ထပ်မံ ဗုံးခွဲခံရ

သျှမ်းသံတော်ဆင့်

မန္တလေးမြို့မှ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ဘက်သို့ ထွက်ခွာသည့် ကုန်တင်ကားတစ်စီးအား ယမန်နေ့ ည ၈ နာရီ ခွဲ ခန့်က ကွတ်ခိုင်မြို့နယ် ဟိုမုန်းရွာ တံတားအနီးတွင် အမည်မသိလက်နက်ကိုင် အဖွဲ့မှ ဗုံးခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည် ။

၎င်းလက်နက်ကိုင်များက ကုန်ကားအား ဗုံးခွဲပြီးနောက် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ယခုလို ပြော သည် ။

“မနေ့ညပိုင်း ၈ နာရီခွဲလောက်ပေါ့။ ကွတ်ခိုင်မြို့နယ် ဟိုမုံးရွာ တံတားနားမှာ ကုန်ကားတစ်စီးကို အရင် ဗုံးခွဲတာပေါ့နော်။ အဲဒါပြီးမှ မီးရှို့လိုက်တယ်။ သူတို့ တင်လာတာ က တော့ ပဲပုတ်စေ့။ နမ့်အွန် မီးသတ်က ဒီနေ့ မနက် ၇ နာရီ လောက်မှာ ကား မီးငြိမ်းဖို့တဲ့ သွားကြတယ် ” ဟု သူက ဆိုသည် ။

ယခုလ ၁၉ ရက်နေ့ကလည်း ၄င်းနေရာအနီး၌ ကုန်ကားတစ်စီး ဗုံးခွဲခံခဲ့ရသေးရာ ယခု ဒုတိယအကြိမ် ထပ်မံ ကားဗုံးခွဲခံရ ခြင်း ဖြစ်သည် ။

အဆိုပါဖျက်ဆီးခံလိုက်ရသည့် ကုန်ကားပိုင်ရှင်မှာ မန္တလေးမြို့မှ ဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ သူများ ထိခိုက်မှု ရှိမရှိ အတိအကျ မ သိရပေ ။

No comments: