Friday, May 25, 2012

အခွန် မဆောင်သည့် ရွှေကုမ္ပဏီများ သတိပေးခံရ

ဇော်ကြီး

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရွှေတူးဖော်ရေး လုပ်ငန်း လုပ် ကိုင် နေသည့် အသေးစား ရွှေကုမ္ပဏီများမှ နိုင်ငံတော်သို့ ရွှေစင်သတ္တု ပေးသွင်း ရန် ကျန်ရှိ နေကြောင်း သတိပေး ချက် တရပ် ယနေ့ထုတ် အစိုးရ အာဘော် သ တင်း၌ ဖော်ပြ ထားသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အရ ချုပ်ဆိုထားသည့် စာချုပ်ပါ သဘောတူညီ ချက် အတိုင်း သတ္တုတွင်း ၀န်ကြီးဌာနသို့ ရွှေစင်သတ္တု ပေးသွင်းရန် ကျန်ရှိသည့် ကုမ္ပ ဏီများသည် ယခုလ (၁၈) ရက်နေ့ထိ လာရောက်ပေးသွင်းခြင်း မရှိသေး ကြောင်း နှင့် ယနေ့မှစ၍ မေလ (၃၀) ရက်နေ့အတွင်း အပြီးပေးသွင်းရန် ကုမ္ပဏီ နာမည် နှင့် မန်နေဂျင်း ဒါရိုက်တာ အမည်များ ပူးတွဲ ဖော်ပြ ထားသည်။

အကယ်၍ သတ်မှတ်ရက်အတွင်း မပေးသွင်းပါက လုပ်ငန်း စာချုပ်တွင် ပါရှိသည့် အတိုင်း တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည့်အပြင် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များအား နာမည်ပျက် စာရင်း သွင်းခံ ရမည် ဟုလည်း ဖော် ပြ ထားသည်။

ကုမ္ပဏီနှင့် အစိုးရတို့ သဘောတူညီချက်၌ ဧက (၂၀) ရှိ ရွှေလုပ်ကွက်တခုအတွက် တလလျင် သန့်စင်ပြီးရွှေ (၂) ကျပ်သားနှုန်းဖြင့် တနှစ် အတွက် (၂၄) ကျပ်သား အစိုးရသို့ ပေးဆောင်ရမည်ဟု ပါရှိ ကြောင်း ကချင်ပြည်နယ်ရှိ ရွှေကုမ္ပဏီ လုပ်ငန်းရှင် တဦးက ပြောသည်။

ယင်းစာချုပ်အား သုံးနှစ် တကြိမ် ချုပ်ဆိုရပြီး အကယ်၍ သတ်မှတ်နှုန်းအတိုင်း မပေးဆောင် နိုင်ပါက “အခွန်မပေးဆောင်နိုင်ဘူးဆိုရင် သူ တို့စည်းကမ်းထဲမှာတော့ အ သိပေးမယ် ပေါ့နော်။ အသိပေးလို့မှ လာမဆောင်သေးရင် အရေးယူတာတွေဘာတွေ လုပ်မယ်ပေါ့။ တကယ် လို့ အခွန် မဆောင်နိုင်ဘူးဆိုရင် သက်တမ်း သုံးနှစ်အတွင်းမှာ အကုန်လုံး နိုင်ငံတော်ကို ပြန် အပ်ရတာပေါ့။” ဟု ၎င်းက ဆက်ပြောသည်။

သက်တမ်း သုံးနှစ်စာချုပ်၌ ပထမနှစ် လုပ်ကိုင်ပြီးပါက နောက်တနှစ် အတွက် ရွှေစင်သတ္တု (၂၄) ကျပ်သားကို ကြိုတင် ပေးဆောင်ထား ရသည်ဟုလည်း ဆိုသည်။

လောလောဆယ်တွင် ကချင်ပြည်နယ်အတွင်း လုပ်ကိုင်နေသူများ အနေဖြင့် ဒေသ တည်ငြိမ်မှု မရှိသည့်အတွက် အရှုံးနှင့် ရင်ဆိုင်နေ ရ ကြောင်း အဆိုပါ လုပ်ငန်းရှင်က ပြောဆိုသည်။

“အခုအခြေအနေအရဆိုရင် တော်တော်များများကတော့ အနုတ်လက္ခဏာ ပြနေကြတယ်ဗျ။ အခုလက်ရှိ ဒီကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ အ နေအထားအရ ငြိမ်းချမ်းမှု မရှိ တော့ တချို့ စာချုပ်ချုပ်ထား ကြပေမယ့်လည်း ပြန်အပ်ကုန်ကြတယ်။ ကုမ္ပဏီ အားလုံးနီးပါးကတော့ အရှုံး နဲ့ပဲ ရင်ဆိုင်နေရတာ တွေ့ရ ပါတယ်။”

လွန်ခဲ့သည့် ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်အတွက် (၁၄) ပဲရည် နှင့် အထက် သတ်မှတ်ထားပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် (၁၆) ပဲရည် ရွှေစင် သတ္တုများ ပေးသွင်းရန် ကျန်ရှိနေကြောင်း အစိုးရအာဘော် သတင်း၌ ဖော်ပြသည်။

ထို့အပြင် ယနေ့ ထုတ်ပြန်သည့် စာရင်းအရ ကချင်၊ ကရင်၊ ရှမ်း၊ မွန်ပြည်နယ်များနှင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူးနှင့် တနင်္သာရီ တိုင်းဒေသ ကြီးတို့မှ အခွန်ပေးဆောင်ရန် ကျန်ရှိသူ (၃၀၀) ဦး အနက် ရွှေစင် (၁) ကျပ်သားကျော်မှ ထောင်ဂဏန်းထိ ပေးဆောင်ရမည့်သူများ ပါဝင် သည်။

No comments: