Tuesday, November 20, 2012

အစိုးရတပ် ပစ်ခတ်မှုကြောင့် ကချင်အရပ်သားတစ်ဦး သေဆုံး

သျှမ်းသံတော်ဆင့်

နှစ်ဘက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသော KIA နှင့် အစိုးရစစ်တပ်တို့ လှုပ်ရှားရာ သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်း မြို့နယ် မုံးဝီး ကျေး ရွာအနီးတွင် အစိုးရစစ်တပ်၏ ပစ်ခတ်မှုကြောင့် ယခုလ ၁၅ ရက်နေ့က အသက် ၄၈ နှစ်အရွယ် ကချင် အမျိုးသားတစ်ဦး သေနတ် ထိမှန် သေ ဆုံးသွားကြောင်း သိရသည် ။

အဆိုပါ ဒေသတွင်းလှုပ်ရှား နေသည့် စကခ ၁၆ လက်အောက်ခံ ခမရ ၅၆၇ တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦးက မိုင်းဝီးရွာအနီး တွင် ၄င်းရွာ သား ဦးလဆန်ဘောက်နော်အား သေနတ်ဖြင့် ၆ ချက်တိတိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းဝီးရွာသား တစ်ဦး က သျှမ်းသံတော် ဆင့်သို့ ပြောသည် ။

“၁၅ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ အသက် ၄၈ နှစ် အရွယ် ကချင်အမျိုးသားပေါ့နော်။ ကလေး ၅ ယောက် ရှိ တယ်။ သူ့နံမယ်က ဦး လဆန်ဘောက်နော်။ မိုင်းဝီးရွာရဲ့တောင်ဘက် နမ္မတူသွားတဲ့လမ်း ၊ ရေပူစမ်းနားမှာပေါ့။ ခမရ ၅၆၇ က ဗိုလ်ကြီး တစ်ယောက်က သေနတ်နဲ့ ၆ ချက်တိတိပစ်လိုက် ” ဟု ၄င်းရွာသားက ဆိုသည် ။

လဆန်ဘောက်နော်သည် တောတွင်း၌ အိမ်ဆောက်ရန် သစ်ဝါးများ နေ့စဉ် သွားရောက်ခုတ်ယူနေရာ ၄င်းနေ့က အစိုးရ စစ်ကြောင်းဖြင့် တိုး မိ ၍ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည် ။

“သူက အိမ်ဆောက်ဖို့ နေ့တိုင်း တောထဲမှာ တန်းတွေတိုင်တွေသွားခုတ်တာပေါ့။အဲဒီနေ့က ခလရ ၅၆၇ နဲ့သွားတိုးတော့ထွက်ပြေးဖို့လုပ်နေ တုန်း ခမရ ၅၆၇ စစ်ကြောင်းက ဗိုလ်ကြီးတစ်ယောက်က ပစ်သတ် လိုက်တယ်” ဟု ဆို သည် ။

အခင်းဖြစ်ပွားသည့် နေ့ကတည်းက လဆန်ဘောက်နော်၏ ရုပ်အလောင်းအား မိသားစုထံလွဲပြောင်း ပေးအပ်ခဲ့ပြီး၎င်းနေ့ကပင်ရုပ်အ လောင်း အာ မီးသဂြိုလ်ခဲ့ကြောင်း သိရသည် ။

၎င်းဖြစ်စဉ် အပေါ် စစ်တပ်ဘက်မှ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးရာတွင် လဆန်ဘောက်နော်အား အစိုးရစစ်တပ်အား တိုက်ခိုက်ရန် ပြင် ဆင် နေသည့် KIA တပ်ဖွဲ့ဝင်တစ်ဦးအသွင် ဖန်တီးကာ ရိုက်ကူး ထားကြောင်းနှင့် မိသားစုဝင်များအပေါ် လည်း ခြိမ်းခြောက်မှုရှိနေ ကြောင်း သူက ဆက်ပြောသည် ။

အဆိုပါ သတင်းအပေါ် သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ ။

No comments: