Tuesday, November 20, 2012

အိုဘားမား မိန့်ခွန်း အပေါ် ရခိုင်ခေါင်းဆောင်များ အမြင်

မင်းဆက်ခိုင်

မြန်မာနိုင်ငံကို တရက် လာရောက် လည်ပတ်ခဲ့သော အမေရိကန်သမ္မတ ဘားရတ်စ် အိုဘားမားသည် ရန်ကုန် တက္ကသိုလ်တွင် မိန့်ခွန်း ပြော ကြားရာ၌ ရခိုင် အရေးအား ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ RNDP ပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်၊ ၀န်ကြီး ဦးဇော်အေးမောင် နှင့် အထွေထွေ အတွင်းရေးမှူး ဦးဦးလှ စော တို့ တက်ရောက်ပြီး တခြား ရန်ကုန်ရှိ ရခိုင်အဖွဲ့အစည်းများမှ ၅ဦး တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဖေါ်ဆောင်နေချိန်တွင် ပထမဆုံးသော အမေရိကန် သမ္မတ တစ်ဦး၏ မြန်မာ နိုင်ငံ ခရီးစဉ် ဖြစ် သဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ အတွက် ကောင်းသော လက္ခဏာ ဖြစ်ကြောင်း မိန့်ခွန်းပြောကြားရာ အခမ်းအနားကို တက် ရောက် သူ RNDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကပြောသည်။

“ မိန့်ခွန်း တခုလုံးကို ယေဘုယအားဖြင့် ကျနော်ပြောချင်ပါတယ်။ အမေရိကန်သမ္မတ တယောက် အနေနဲ့ ဒီမိုကရေစီ အကြောင်းတွေ ကို ပြောတာတွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ယေ ဘုယအားဖြင့် သွားနေတဲ့ လမ်း ကြောင်း ကောင်းမွန်စေဖို့၊ နောကပန်မ လှည့်စေဖို့ ပြောတာတွေ ကို တွေ့ရပါတယ်။ အမေရိကန် အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီး အကူအညီပေးသွားမယ် လို့ ပြော သွား တာတွေဟာ ကောင်းတဲ့ လက္ခဏာတွေပါ။ တိုင်းရင်းသား အရေးတွေကို ပြောသွားတာဟာ လည်း ကောင်းတဲ့ကိစ္စပါ” ဟု ပြောသည်။

သမ္မတ အိုဘားမားသည် နေ့လည် ၂နာရီ ၄၀ မိနစ် အချိန်မှ ၃နာရီ ၁၀မိနစ်အထိ နာရီခွဲကြာကြာ ရန်ကုန် တက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင် ခန်း မ တွင် မိန့်ခွန်း ပြောကြားခဲ့သည်။

ရခိုင်အရေးနှင့် ပတ်သက်ပြီး သမ္မတ အိုဘားမား ပြောကြားသည့် မိန့်ခွန်းအပေါ် ဦးဦးလှစောက သူ့အမြင်ကို ယခုလို နိရဉ္စရာသို့ ပြော သည်။

“ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တခြား ကိစ္စတွေကိုတော့ ပုံမှန်အားဖြင့် ပြောသွားပေမယ့် ရခိုင်အရေး ကိုတော့ သူ့အနေနဲ့ သီးခြားတခုလို ပြော သွားတာ တွေ့ရပါတယ်။ ပြီးတော့ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်း သွားတာကို တွေ့ရပါတယ်။ အခု ရခိုင်အရေးကိစ္စဟာမြန် မာပြည်မှာ တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ကိစ္စတခုလို သူက နားလည်ပြီး ပြောသွား တာကို တွေ့ရပါတယ်။ ဒီနေရာမှာ သမ္မတ အိုဘား မားနဲ့ ကျနော်တို့က အယူအဆမတူပါ။ ဥပမာ ကချင်နဲ့ မြန်မာ့တပ်မတော်နဲ့ ဖြစ်နေ သလို၊ ကရင်မှာ ဖြစ်နေသလို မျိုး ဒီရခိုင်ပြဿနာဟာ မဟုတ်ပါ။ အခုက ပြည်ထောင်စုက ခွဲထွက်မယ့် ပြဿနာလည်း မဟုတ် တိုင်းရင်း သား အချင်းချင်း ဖြစ်နေတဲ့ ပြဿ နာလည်း မဟုတ်။ သို့သော် အခု ဒီရိုဟင်ဂျာလို့ ပြောတဲ့ သူတွေနဲ့ ဖြစ်နေတဲ့ ပြဿနာက တဖက်က နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်လာတဲ့ လူတွေနဲ့ ဒေသခံတွေ အ ကြားမှာ ဖြစ်နေတာ ဖြစ်တယ်။ ဒါကြောင့် အနှစ်သာရချင်းမတူပါ။ သမ္မတ အိုဘားမား အနေနဲ့ ရခိုင်ပြည်နယ် ၏ တကယ့် အရှိတရားနဲ့နည်း နည်း ဝေးနေသလို ကျနော်တို့ ခံစားရတယ်။ သူမိန့်ခွန်းထဲက တ ခြား တင်ပြမှုတွေကို လက်ခံ၊ ကြိုက် ပေမယ့် ဒီကိစ္စမှာတော့ အိုဘားမားရဲ့ ချည်းကပ်ပုံ ချည်းကပ်နည်းဟာ ကျနော်တို့နဲ့ လက်ခံ နိုင်စ ရာ အကြောင်းမရှိပါ။ သမ္မတ ဦးသိန်း စိန်ကလည်း မြန်မာတိုင်းရင်းသားထဲမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ပြောထားသလို ရခိုင်ပြည်သူ တရပ်လုံးကလည်း ရိုဟင်ဂျာဟာ တိုင်းရင်းမဟုတ်သလို မရှိဘူးလို့ သဘောထား ဟာ ပြတ်ပြတ်သားသား ရှိနေပြီးသားဖြစ်လို့ အိုဘား မား ပြောတာနဲ့ နည်းနည်းလွဲနေပါတယ်။ စကားကို ပြတ်ပြတ်သားသား မပြော သလို ဖြစ်နေပါတယ်။ ဒါကိုကျနော်တို့ ဘ၀င်မကျပါ။ မ ကြိုက်ပါ” ဟု ဆိုသည်။

အမေရိကန် သမ္မတအိုဘားမားသည် ယနေ့ နံနက် ၉နာရီ ၄၀ မိနစ်တွင် ရန်ကုန် လေဆိပ်သို့ ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်အစိုး ရအဖွဲ့နှင့် တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး ရွှေတိဂုံ ဘုရားသို့ သွားရောက် ဖူးမျှော်ခဲ့သည်။

No comments: