Tuesday, June 25, 2013

လုပ်ခွင့်ရသော်လည်း မြေကိစ္စကြောင့် သေမင်းတမန်ရထားလမ်းပြတိုက် မပြုပြင်နိုင်သေး

ယဉ်စနိုင်း | အင်္ဂါနေ့၊ ဇွန်လ ၂၅ ရက် ၂၀၁၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ဒုတိယ ကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သည့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ဆက်သွယ်ထားသော ''သေမင်းတမန်'' ရထားလမ်း ပြတိုက် ကို မြေပြဿနာ အရှုပ်အရှင်းကြောင့် ပြန်လည်ပြုပြင်နိုင်ခြင်းမရှိဟု ယင်းပြတိုက် ပြင်ဆင်ခွင့်ရထားသည့် တလမွန်ကုမ္ပဏီက ပြောသည်။

ယင်းပြတိုက်ကို မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် တလမွန်ခရီးသွားဝန် ဆောင်မှုလုပ်ငန်း ကုမ္ပဏီကပြန်လည်ပြုပြင်ရန် ခွင့်ပြုချက်ရရှိထားပြီးဖြစ်သော်လည်း မြေကိစ္စမပြေလည်မှုကြောင့် လုပ်ငန်းအကောင်အထည် မဖော်နိုင်ခြင်းဖြစ်နေသည်ဟု တလမွန်ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ နိုင်မောင်တိုးက ပြောသည်။

၎င်းက ''တကယ်တမ်းလုပ်တဲ့ အခါကျမှ အဲဒီမြေက စည်ပင်ပိုင်မြေလည်း မဟုတ်ဘူး၊ သံဖြူဇရပ်မြို့ပြ မြေဧရိယာ လည်း မဟုတ်ဘူး၊ ဝယ်သွန်ချောင်ရဲ့ စားကျက်မြေဖြစ်နေတယ်၊ စည်ပင်ကတော့ အဲဒီကိစ္စကို ဖြေရှင်းပြီးရင် ချပေးမယ်လို့ ပြောတယ်၊ တလမွန်ကိုပဲ ပေး မယ်လို့မပြောဘူး၊ ကျွန်တော်တို့ ဝန်ကြီးချုပ်နဲ့ ပြန်ပြောထားတယ်၊ ခဏစောင့်ပေးပါလို့ ပြောတယ်၊ ခုထိ ဘာမှ မထူးသေးဘူး'' ဟု ဆိုသည်။

တလမွန်ကုမ္ပဏီအနေဖြင့် ယင်းပြတိုက် ပြန်လည်ပြုပြင်ဖွင့်လှစ်ရန် အဆင်သင့် လုပ်ဆောင်ထားပြီးဖြစ်ကာ ထားရှိမည့်ပစ္စည်း များလည်း ရှိသင့်သလောက်ရှိနေပြီဖြစ်သည် ဟု ကုမ္ပဏီက ဆိုသည်။ ယင်းအပြင် ပြတိုက်တွင် ထားရှိမည့် ပစ္စည်းလှူဒါန်းရန် စောင့် ဆိုင်းနေသူများလည်း ရှိသည်ဟု ဆိုသည်။

''သေမင်းတမန်'' ရထားလမ်း ပြတိုက် စီမံကိန်း အကောင်အထည်ဖော်ရာတွင် နှစ်ဖက်နစ်နာမှုမရှိအောင် လုပ်ဆောင်သင့်ကြောင်း ပြည်သူများနှင့်လည်း တွေ့ဆုံပြီး ၎င်းးတို့၏ သဘောထားဆန္ဒကိုလည်း မေးရန်လိုကြောင်း မွန်ပြည်နယ် စီမံ/စီးပွားရေး ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

''သေမင်းတမန်'' ရထားလမ်းပြတိုက်ကို BOT စနစ်နှင့် အနှစ် ၃ဝ၊ ၄ဝ ဖြင့် ငှားရမ်းရန် စီစဉ်ထားပြီး အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် စီစဉ် ထားသော်လည်း လက်ရှိအချိန်ထိ အတည်တကျမဖြစ်ဟုလည်း ၎င်းကပြောသည်။

No comments: