မိုးဇော်
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ သီရီလင်္ကာနိုင်ငံသို့ ကြွရောက်သင်ယူနေကြသော မြန်မာရဟန်းတော်များအထဲမှ ရခိုင်ရဟန်းတော် အသျှင် ဥာဏုတ္တရသည် ပဉ္စမမြောက် ပါရဂူဘွဲ့ (Doctor of Philosophy in Buddhist Study) ကို ဇွန်လ ၂၁ ရက်နေ့တွင် ကြွရောက်ရယူခဲ့ကြောင်း သိရသည်။
ထိုဘွဲ့ကို ဘန္ဒာနာယကေအထိမ်းအမှတ် နိုင်ငံတကာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သီရိလင်္ကာနိုင်ငံ ကေလဏိယတက္ကသိုလ်၏ ၆၇ ကြိမ်မြောက် အထွေထွေဘွဲ့နှင်းသဘင်တွင် ကြွရောက်ရယူခဲ့ကြောင်းကို ဆရာတော် အသျှင်ဥာဏုတ္တရမှ အာရ်ကန်တိုင်းမ်စ်သို့ ယခုလိုမိန့်ကြားသည်။
" ကိုယ်တော်က မြန်မာနိုင်ငံ ရဟန်းတော်များအားလုံးထဲက မြန်မာတစ်နိုင်ငံလုံးထဲက သီရိလင်္ကာမှာ စာသင်ခဲ့တဲ့ ရဟန်းထဲမှာ (၅)ပါးမြောက် PhD ရတာ ပထမဆုံးပါ။ ရခိုင်ပြည်မှာတော့ ကိုယ်တော် အစောဆုံးပေါ့။ ရှေ့ကရပြီးသွားတဲ့ ရဟန်းကတော့ (၄)ပါးရှိပါတယ်။ အဲဒါမှာ တချို့ကိုယ်တော်တွေကတော့ နည်းနည်းကြာနေကြပြီ။ ရှမ်းနှစ်ပါး၊ မွန်တစ်ပါး၊ ဗမာတစ်ပါး၊ ရခိုင်တစ်ပါး၊ ရခိုင်တစ်ပါးကတော့ ကိုယ်တော်ဖြစ်ပါတယ်။ " ဟု ဆရာတော်က မိန့်ဆိုသည်။
မြန်မာနိုင်ငံမှ ပါရဂူဘွဲ့(Doctor of Philosophy in Buddhist Study)ရ ရဟန်းတော်(၅)ပါးမှာ ဦးဝဏ္ဏသီရိ(ဗမာ)၊ ဥာဏိတ္တ(မွန်)၊ ဥာဏုတ္တရ(ရခိုင်) ရှမ်းလူမျိုးမှ နရိန္ဒနှင့် ကျန်တစ်ပါးကို မေ့သွားပြီဖြစ်ကြောင်း၊ ယခု ပါရဂူဘွဲ့ရ (၅)ပါးမှာ အသက်အငယ်ဆုံး ရဟန်းတော်ဖြစ်ကြောင်းနှင့် ပါရဂူဘွဲ့ရရှိလာပုံကို ဆရာတော်က မိန့်ကြားခဲ့သည်။
" အဓိကတော့ သုတေသန (၃)နှစ် လုပ်ရတယ်။ ပထမတစ်နှစ်လုပ်တယ်။ Master ပြီးတဲ့နောက်ပိုင်းမှာ Master philosophy လုပ်ရတယ်။ Master Philosophy ဆိုတာ မဟာဒဿနိက လုပ်ရတာပါ။ တစ်နှစ် သုတေသနလုပ်ပြီးသွားလို့ အဆင်ပြေတယ်ဆိုရင် professor တွေက ထောက်ခံချက်တွေနဲ့ update ပြန်လုပ်ရပါတယ်။ နှစ်နှစ်ပြည့်ပြီးတဲ့ နောက်ပိုင်းမှာမှ လုပ်ခွင့်ပေးတာပါ။ သုတေသန (၃)နှစ်မပြည့်ရင်တော့ လုပ်ခွင့်မပေးပါဘူး။ သုတေသနလုပ်တဲ့ အရည်အသွေးပေါ်မူတည်ပြီးတော့ သူတို့က မြှင့်တင်ပေးပါတယ်။ အဲဒါတွေပြီးသွားမှ PhD ကျောင်းသားဖြစ်တယ်။ PhD က သုံးနှစ် သုတေသနလုပြီးတော့ ကျမ်းတွေကို တင်ပြီး၊ Presentation တွေလုပ်၊ Recommendation တွေ လုပ်ပြီးတော့မှ PhD ဘွဲ့ကို အမှန်တကယ် သဘောကျတယ်ဆိုမှ ပေးပါတယ်။ " ဟု မိန့်ဆိုသည်။
ရခိုင်ပြည်နယ်အပေါ် ဗုဒ္ဓဘာသာ၏ လွမ်းမိုးသြဇာ သက်ရောက်မှုကို သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကြောင်း အရ လေ့လာမှု "A Historical and Cultural Study of the Influence of Buddhism on Inhabitants of Rakhaing (Arakan) State" ကျမ်းစာကို ဘွဲ့လွန်ပါဠိနှင့် ဗုဒ္ဓဘာသာပညာသင်ကျောင်း (ကေလဏိယတက္ကသိုလ်)သို့ လွန်ခဲ့သော ၂၀၁၂ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့တွင် တင်သွင်းကာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့တွင် အပြီးသတ်အောင်မြင်ခဲ့ခြင်းကြောင့် ပါရဂူဘွဲ့ကို ရရှိလာရခြင်းဖြစ်သည်ဟု ဆက်လက်မိန့်ကြားခဲ့သည်။
ဆရာတော်သည် နယူးယောက်ကို Buddhist Ministry Society က ဆရာတော်များနှင့် ဒေါက်တာ အရှင်နာယက ဖိတ်ကြားချက်ဖြင့် လေ့လာရေးခရီးစဉ် အနေနှင့် အမေရိကန်ပြည်ထောင်စုသို့ ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
ပါရဂူဘွဲ့မတိုင်မှီ ဆရာတော်၏ နောက်ခံသမိုင်းကို www.kingthardhamma.blogspot.com (ကိန်းသာဓမ္မကျောင်းဘလော့) မှ ကူးယူဖော်ပြလိုက်သည်။
" ဆရာတော်သည် ၂၀၀၀ ခုနှစ်တွင် တက္ကသိုလ်ဝင် (၁၀) တန်းကို အထက ရသေ့တောင်မှ အောင်မြင်ခဲ့ပြီး၊ ၂၀၀၀ ခုနှင့် ၂၀၀၄ ခုနှစ်အတွင်း ဘုန်းတော်ကြီးသင် အခြေခံ ဗုဒ္ဓဘာသာစာပေများကို ပရိယတ္တိစာသင်တိုက်များတွင် လေ့လာသင်ယူခဲ့ပြီး သာသနာရေး ၀န်ကြီးဋ္ဌာနမှ ကြီးမှူးကျင်းပသော အခြေပြုမူလတန်း (၂၀၀၁)၊ ပထမငယ်တန်း (၂၀၀၂)၊ ပထမလတ်တန်း (၂၀၀၃)၊ ပထမကြီးတန်း (ရခိုင်ပြည်နယ်ပထမကျော်) ကို (၂၀၀၄) ခုနှစ်တွင် ရရှိအောင်မြင်ခဲ့သည်။ စစ်တွေတက္ကသိုလ်တွင် အင်္ဂလိပ်စာအထူးပြုဖြင့် ၃ နှစ်တိုင် လေ့လာခဲ့ပြီး၊ ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အထူးပြု အင်္ဂလိပ်စာ ဘာသာဖြင့် ၀ိဇ္ဇာဘွဲ့ B.A. (English) ရရှိခဲ့သည်။ ဆရာတော်သည် ၂၀၀၆ ခုနှစ်မှ စတင်ပြီး သီရိလင်္ကာနိုင်ငံသို့သွားရောက်ကာ ဗုဒ္ဓစာပေများကို လေ့လာသင်ယူခဲ့ရာ သီရိလင်္ကာနိုင်ငံ၊ ကေလဏိယတက္ကသိုလ် (University of Kelaniya)၏ ဘွဲ့လွန်ပါဠိနှင့် ဗုဒ္ဓဘာသာ ပညာသင်ကျောင်း (Postgraduate Institute of Pali and Buddhist Studies) မှ ဘွဲ့လွန်ဒီပလိုမာ (PG Dip.) (ဗုဒ္ဓဘာသာပညာ)၊ မဟာဝိဇ္ဇာ (M.A.) (ဗုဒ္ဓဘာသာပညာ)၊ အင်္ဂလိပ်စာမှဗုဒ္ဓဘာသာ (Certified English through Buddhism) အောင်လက်မှတ်တို့ကို ရရှိပြီး၊ ၄င်းတက္ကသိုလ်တွင်ပင် မဟာဒဿနိကဗေဒဘွဲ့ (M.Phil.) (ဗုဒ္ဓဘာသာပညာ) ကို တစ်နှစ်တာ သုတေသနပြုခဲ့ပြီး အရည်အချင်းပြည့်မှီခဲ့၍ ပါရဂူဘွဲ့ (Ph.D.) အတွက် ၃ နှစ်တိုင်တိုင် သုတေသနပြုနေခဲ့ပြီး ယင်းဘွဲ့အတွက် ၁၀-၁၀-၂၀၁၂ နေ့တွင် အပြီးသတ် အောင်မြင်ခဲ့သည်။ ဆရာတော်သည် သီရိလင်္ကာနိုင်ငံ၏ အထင်ကရ ကိုလံဘိုတက္ကသိုလ်၊ အင်္ဂလိပ်စာ ဌာနမှပို့ချသော DETE (Diploma in English for Teachers of English) အင်္ဂလိပ် စာပြဆရာဖြစ် ဒီပလိုမာ (၂) နှစ်သင်တန်းကို ၂၀၁၁ ခုနှစ်တွင် ရရှိအောင်မြင်ခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံမဟာဌာနမှ BLCE (Buddhist Leadership in Civic Empowerment) လူ့ အသိုက်အမြုံတိုးတက်မှုမှာ ဗုဒ္ဓဘာသာ၏ ခေါင်းဆောင်မှု ဆိုင်ရာ သင်တန်းကိုလည်း ၂၀၁၀ ခုနှစ်တွင် တက်ရောက်ပြီးဆုံးခဲ့သည်။ " ဟု ဖော်ပြထားသည်။
ဒေါက်တာအသျှင်ဉာဏုတ္တရကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်၌ အဖ (ဦးသာထွန်းအောင်) နှင့် အမိ ဒေါ်လှစောညိုတို့ ထံမှ ၁၉၈၃ ခု ဒီဇင်ဘာလ (၂၀) ရက် (အင်္ဂါနေ့ ) တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၁၂) ဦးအနက် (၉) ဦးမြောက်ဖြစ်ကြောင်းနှင့် ဗုဒ္ဓသာသနာတော်အတွင်းသို့ ရှင်သာမဏေအဖြစ် တက္ကသိုလ်ဝင်တန်းဖြေဆိုအပြီး ၂၀၀၀ ပြည့်နှစ် မတ်လတွင် ၀င်ရောက်ခဲ့ကြောင်း အဆိုပါဘလော့တွင် ဖော်ပြထားသည်။
No comments:
Post a Comment