Tuesday, July 29, 2014

ရဲအဓမ္မကျင့်မှုတွင် ၀င်ရောက်ကူညီခဲ့သည့် ဆိုင်ကယ်သမား ငါးဦးအနက် နှစ်ဦးကို ထောင်ဒဏ် တစ်နှစ်စီချ

ကျော်စိုးမိုး

ရဲတပ်ကြပ်တစ်ဦးက အသက် ၁၆ နှစ် အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တွင် ၀င်ရောက်ကူညီခဲ့သည့် ဆိုင်ကယ်သမား ငါးဦးကို တရားစွဲဆိုထားသည့်အနက်မှ နှစ်ဦးကို ထောင်ဒဏ် တစ်နှစ်စီကျခံရန် လှိုင်သာယာမြို့နယ်တရားရုံးမှ ဇူလိုင်လ ၂၃ ရက်တွင် အမိန့် ချမှတ်လိုက်သည်ဟု အမှုကို လိုက်လံဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက ဇူလိုင်လ ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

စွဲချက်တင်ခံထားရသည့် ဆိုင်ကယ်ကယ်ရီသမား ငါးဦးအနက်မှ လင်းလင်း၊ ထက်အောင်၊ တင်မောင်ခိုင် သုံးဦးကို အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်ရန် အမိန့်ချခဲ့ပြီး ဦးစစ်ပြန်ကြီး (ခ) ဦးသောင်းထွန်းနှင့် သန်း ၀င်းအောင်(ခ)ကုလားလေးတို့က ထောင်ဒဏ်တစ်နှစ်စီ ချုပ်ရက်နုတ်၍ ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက “ချုပ်ရက်နုတ်ပြီး ထောင်ဒဏ်ကျခံရမှာ ဖြစ်တယ့်အတွက် သူတို့ချုပ်ရက်ကိုနုတ်ရင် နောက်ထပ် တစ်လနီးပါးလောက်ဆိုရင် လွတ်ပါပြီ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်က ရွှေပြည်သာကြိုးတံတားအနီး ဖြစ်ပွားခဲ့သည့် ရဲတပ်ကြပ် တစ်ဦးက အသက် ၁၆နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့်ဖြစ်စဉ်တွင် ၀င်ရောက်ကယ် တင်ခဲ့သည့် ဆိုင်ကယ်ကယ်ရီသမားငါးဦးကို ပြစ်မှုပုဒ်မ ၃၃၂/၄၅၂/ ၁၁၄/၆၁ ဖြင့် တရားစွဲဆိုခြင်း ဖြစ် သည်။

အဆိုပါဖြစ်စဉ်တွင် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သည့် ရဲတပ်ကြပ်ကို ထောင်ဒဏ်လေးနှစ်နှင့် ရဲစည်းကမ်း ထိန်းသိမ်းရေးက ထောင်ဒဏ်တစ်နှစ် စုစုပေါင်း ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ရဲအဓမ္မပြုကျင့်၍ ၀င်ရောက်ကယ်တင်ခြင်းကို ၀တ္တရားနှောင့်ယှက်မှုဖြင့် တရားစွဲကာ ဖမ်းဆီးချုပ်နှောင်ထားသည့်အတွက် ရပ်ကွက်နေ ပြည်သူများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

No comments: