Monday, July 28, 2014

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် အမျိုးသမီးနှင့် ကလေးသူငယ်များ ခက်ခဲစွာ နေထိုင်နေရဟု ကုလအထူးကိုယ်စားလှယ် ပြော

နန်းလွင်နှင်းပွင့်

ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများရှိ အမျိုးသမီးနှင့် ကလေးသူငယ်များမှာ ခက်ခဲစွာ နေ့စဉ်ဖြတ်သန်းနေရသည်ကို တွေ့ရှိခဲ့ရသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ ( Ms. Yanghee Lee) က ပြောဆိုလိုက်သည်။

မစ္စရန်ဟီးလီက ဇူလိုင်လ ၂၆ရက် ညနေက မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ရန်ကုန်အပြည်ပြည်လေဆိပ်တွင် သူမသွားရောက်ခဲ့သည့် ခရီးစဉ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာများကို ပြောခြင်းဖြစ်သည်။

မစ္စရန်ဟီးလီက “သူတို့မှာ အိမ်သာမရှိဘူး၊ လျှပ်စစ်မီး မရှိဘူး၊ ခက်ခဲတဲ့ အခြေအနေတွေနဲ့ နေ့စဉ်ဖြတ်သန်းနေရတယ်၊ ဒီအခြေအနေက စခန်းအားလုံးမှာပဲ ၊ ဒီလိုအခြေအနေမျိုးမှာ ရှိနေတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေက ခက်ခဲစွာ နေထိုင်နေရတယ်"ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင်း ဆောင်ရွက်နေသည့် ၁၉၈၂ ခုနှစ် ဥပဒေဖြင့် နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းစဉ်များကိုလည်း ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း နှင့် တွေ့ဆုံကာ မေးမြန်းခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် မစ္စရန်ဟီလီမှ မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ၁၀ ရက်တာအတွင်း နေပြည်တော်၌ လွှတ်တော်အမတ်များ၊ အစိုးရ၀န်ကြီးများ၊ ဒီမိုကရေစီအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ပဋိပက္ခဖြစ်ပွားခဲ့သည့် မန္တလေးမြို့သို့ သွားရောက်ကာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခြင်း၊ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ သွားလေ့လာခြင်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့သည်။

ယင်းအပြင် ကချင်ပြည်နယ်သို့ သွားရောက်ကာ ဝိုင်းမော်နှင့် ဗန်းမော်ရှိ ဒုက္ခသည်စခန်းများကို သွားရောက်လေ့လာခဲ့ပြီး လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့တို့နှင့် တွေ့ဆုံခဲ့သေးသည်။

ဇူလိုင်လ ၂၆ ရက်တွင် နိုင်ငံရေးပါတီအချို့ သတင်းမီဒီယာမှ ကိုယ်စားလှယ်အချို့နှင့်လည်း တွေ့ဆုံကာ ယင်းအဖွဲ့အစည်းတို့မှ လတ်တလောအခြေအနေများ တင်ပြပြောဆိုမှုများကိုလည်း နားထောင်ခဲ့သည်။

ခရီးစဉ်နှင့် ပတ်သက်၍ မစ္စရန်ဟီးလီမှ သွားရောက်လေ့လာခဲ့သည့် နေရာများအား အကြမ်းဖျင်း ပြောဆိုခဲ့သော်လည်း ဒေသအလိုက် အဖွဲ့အစည်းအလိုက် တွေ့မြင်ခဲ့ရသည်များ၊ ဒုက္ခသည်စခန်းများနှင့် ပတ်သက်သည့် အခြေအနေများကို အသေးစိတ်ပြောဆိုခြင်း၊ မှတ်ချက်ပြုခြင်း မရှိခဲ့ပေ။ သူမအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လေ့လာခဲ့သည့် အခြေအနေများကို မှတ်တမ်းပြုစုကာ ကုလသမဂ္ဂသို့ တင်ပြပေးရမည်ဖြစ်သည်။

မစ္စရန်ဟီးလီသည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ဇူလိုင်လ ၁၆ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ကုလလူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် မစ္စရန်ဟီးလီ မတိုင်မီ မစ္စတာသောမတ်အိုဟေး ကွင်တားနားမှာ ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

မစ္စရန်ဟီးလီမှာ တောင်ကိုရီးယားနိုင်ငံရှိ ဆောင်ကျူးဝမ် တက္ကသိုလ်တွင် ပါမောက္ခတစ်ဦးဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံရှိ အမျိုးသားလူ့အခွင့်အရေးဆိုင်ရာ ကော်မတီတွင်လည်း အကြံပေး တစ်ဦး ဖြစ်သည်။ ကလေးများ၏ အခွင့်အရေးဆိုင်ရာများတွင်လည်း ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

No comments: