Friday, August 29, 2014

ကျောက်မျက်လုပ်ကွက် ပယ်ဖျက်ခွင့် တင်ပြသည့် ကုမ္ပဏီများ လုပ်ကွက်လျှောက်ခွင့် နှစ်နှစ်ပိတ်မည်

သီဟကိုကို

လုပ်ကိုင်ခွင့်ပြုပေးခဲ့သော လုပ်ကွက်များ ပြန်အပ်သည့် လုပ်ကွက်ပိုင်ရှင်များကို လုပ်ကွက်လျှောက်ထားခွင့် နှစ်နှစ်မှ လေးနှစ်အထိ ပိတ်ပင်မည်ဟု မြန်မာ့ကျောက် မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်များ၊ လစ်လပ်လုပ်ကွက်များ၊ သတ်မှတ်လုပ်ကွက်အသစ်များ၊ ဖော်ထုတ် လုပ်ကွက်များကို လုပ်ကိုင်ခွင့်ချထားပေးပြီးနောက်တွင် ပယ်ဖျက်ခွင့် တင်ပြသောကုမ္ပဏီများကို အရေးယူဆောင်ရွက်သွားရန် အစည်းအဝေး ဆုံးဖြတ်ချက်အရ သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ပထမအကြိမ် ပယ်ဖျက်ခွင့် တင်ပြသည့်အတွက် လုပ်ကွက်လျှောက်ထားခွင့် နှစ်နှစ် ပိတ်ပင်တားမြစ်သွားမည်ဖြစ်ပြီး ဒုတိယအကြိမ် ပယ်ဖျက်ခွင့်တင်ပြပါက လုပ်ကွက်လျှောက်ထားခွင့်လေးနှစ် ပိတ်ပင်တားမြစ် ရန် သတ်မှတ်ထားသည်။

လုံးခင်း၊ ဖားကန့်၊ မော်လူး၊ မော်ဟန်၊ ခန္တီး၊ ရတနာနယ်မြေတို့တွင် ကျောက်စိမ်းတူးဖော်မှုကို ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်မှ စတင်ရပ်နားခဲ့ပြီး ယင်းရတနာမြေများတွင် ယခုနှစ် စက်တင်ဘာလမှ စတင်ကာ ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းများကို ပြန်လည်ခွင့်ပြုပေးမည်ဖြစ်သည်။

စွန့်လွှတ် လုပ်ကွက်များနှင့် ပယ်ဖျက်လုပ်ကွက်များတွင် ရပ်နားကာလအလိုက် သက်တမ်းတိုးပေးမည်ဖြစ်သောကြောင့် ၂၀၁၄ ခုနှစ် သြဂုတ် ၂၀ ရက်အထိ နောက်ဆုံးထား ဆက်သွယ်ရန် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ အသိပေးကြေညာခဲ့ပြီးဖြစ်သည်

လုပ်ကွက်များကို သက်တမ်းအလိုက် တိုးပေးမည်ဖြစ်သော်လည်း လုပ်ငန်းရှင် အချို့သည် လုပ်ကိုင်ခွင့် ရရှိထားပြီးဖြစ်သည့် လုပ်ကွက်များကို ပြန်လည်အပ်နှံမှုများရှိသည်။ ထို့ကြောင့် လုပ်ကွက်ပြန်လည် အပ်နှံသည့် ကုမ္ပဏီများကို လုပ်ကွက်ထပ်မံ လျှောက်ထားခွင့်များ ပိတ်ပင်သည့် အရေးယူမှုလုပ်ရန် စီစဉ်လာခြင်း ဖြစ်သည်။

ကချင်ပြည်နယ်မှ ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းရှင်တစ်ဦးက “လုပ်ကွက်ပြန်အပ်ကြတာက နယ်မြေ အေးချမ်းမှုက သိပ်မတည်ငြိမ်သေးတာအပြင် ပြောပြလို့ မရနိုင်တဲ့ အခက်အခဲတချို့ရှိကြလို့ ပြန်အပ်ကြတာပါ”ဟု ပြောသည်။

လုပ်ကွက်အဆိုပြုငွေ၏ နှစ်ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် လုပ်ကိုင်ခွင့် နှစ်နှစ်ကိုလည်း ပိတ်သိမ်းသွားမည်ဟု ထုတ်ပြန်ထားသည်။

No comments: