Friday, August 29, 2014

ရန်ကုန်အိမ်ငှားဈေးကွက် ထိန်းရန် ဥပဒေရေးဆွဲနေ

မင်းဟိန်းထက်

ဈေးနှုန်းမြင့်မားနေသည့် ရန်ကုန်မြို့၏ အိမ်ငှားဈေးကွက်ကို ထိန်းချုပ်နိုင်ရန်နှင့် အဆင်ပြေချောမွေ့စေရေး အဖွဲ့များ ဖွဲ့၍ စီစဉ်ဆောင်ရွက်ပေးရန် အဆိုကို ရန်ကုန်တိုင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ငြင်းပယ်လိုက်ပြီး ဥပဒေပြဋ္ဌာန်းရန် ဆောင်ရွက်နေသည်ဟု သြဂုတ် ၂၇ ရက်တွင် ပြောသည်။

“လက်ရှိအချိန်တွင် အိမ်မြေငှားရမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်နေပါသဖြင့် အဆိုကို လွှတ်တော်တွင် မှတ်တမ်းတင်ပေးပါရန် တင်ပြပါတယ်”ဟု ၎င်းက ရန်ကုန်တိုင်း လွှတ်တော်သို့ ပြောသည်။

သြဂုတ် ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် ရန်ကင်းမြို့နယ် အမှတ် (၂) အမတ် ဦးသောင်းကျော် တင်သွင်းခဲ့သည့် သက်သာသည့် အိမ်ငှားခနှုန်းထားများ သတ်မှတ်ပေးရန် တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးစဉ် ဗိုလ်မှူးကြီးတင်ဝင်းက ယင်းသို့ ပြောခြင်းဖြစ်သည်။

အိမ်ငှားရမ်းမှုများနှင့် သက်ဆိုင်သည့် ၁၉၆၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေရှိသော်လည်း ခေတ်စနစ်နှင့်ကိုက်ညီမှု မရှိတော့၍ ဥပဒေအသစ် ပြဋ္ဌာန်းနိုင်ရေး ပြည်ထောင်စုအဆင့် ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ အိမ်မြေငှားရမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ၂၀၁၂ ခုနှစ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ကာ ဥပဒေအကြံပြုချက် တောင်းခဲ့ပြီးနောက် လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်နေသည်ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။

ဗဟန်းမြို့နယ် အမှတ် (၂) ရန်ကုန်တိုင်းလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းကမူ ၀န်ကြီး၏ဖြေဆိုမှုသည် လက်တွေ့မကျဟု ဝေဖန်သည်။ ထိုသို့ ငြင်းပယ်ခံရသော်လည်း ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ထံသို့ အကြံပြုစာပို့၍ ထပ်မံတိုက်တွန်းသွားမည်ဟု ပြောသည်။

“လက်တွေ့ကျကျ ဖြေရှင်းဖို့ ပြောတဲ့ဟာကို ၀န်ကြီးက သဘောမပေါက်ဘူးလို့ မြင်တယ်”ဟု ၎င်းက ပြောသည်။

“အစိုးရအဖွဲ့အနေနဲ့ ဒါကိုဖြစ်အောင် လုပ်လို့ရပါတယ်။ ပြီးတော့ အိမ်ငှားခတွေ ကန့်သတ်ဖို့တွေပါ အကြံပြုသွားမယ်။ ဥပမာတစ်ခါငှားရင် အနည်းဆုံး နှစ်နှစ်ငှားရမယ်။ ငွေကိုတော့ ခြောက်လပေးပေါ့။ အိမ်ရှင်တွေကို ကန့်သတ်ဖို့ စဉ်းစားမိတယ်”ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

No comments: