Friday, August 29, 2014

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် အစိုးရထံ ခွင့်ပြုချက်ထပ်မံတောင်းခံ

ကျော်စွာဝင်း

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် အစိုးရ၏ ခွင့်ပြုချက်တောင်းခံထားသည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဒု-ဥက္ကဋ္ဌ နိုင်မင်းအောင်က သြဂုတ် ၂၇ ရက်က မဇ္ဈိမကို ပြောသည်။

ဓမ္မစေတီ ခေါင်းလောင်းကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဇူလိုင် ၁၄ ရက်တွင် ဆယ်ယူရန် ခွင့်ပြုပေးခဲ့ပြီး ယခုအခါ ထပ်မံ၍ ရေပေါ်သို့ ဆယ်ယူရန် ခွင့်ပြုချက် တောင်းခံထားခြင်း ဖြစ်သည်။

"သြဂုတ် ၂၇ရက်မှာ ဓမ္မစေတီခေါင်းလောင်းကို ချည်ဖို့ လိုတဲ့ သံမဏိကြိုးတွေ သူတို့ ထပ်ဝယ်ကြတယ်။ ခေါင်းလောင်းဆယ်ယူဖို့ကို နိုင်ငံတော် အစိုးရဘက်ကိုလည်း အကူအညီတောင်းထားတယ်။ အခြားဟာတွေပြောလို့ မရသေးဘူး"ဟု နိုင်မင်းအောင်က ဆိုသည်။

နိုင်မင်းအောင်၏ ပြောဆိုချက်အရ ခေါင်းလောင်းကို တွေ့ထားပြီဖြစ်သော်လည်း မြေပေါ်ရောက်မှသာ ဓမ္မစေတီခေါင်းလောင်း ဟုတ်၊ မဟုတ်ကို အတည်ပြုနိုင်မည် ဟုလည်း ဆိုပြန်သည်။

ယခုကဲ့သို့ ခေါင်းလောင်းကြီး တွေ့ပြီဟု ကြေညာထားသော်လည်း တွေ့ရှိပုံ၊ မည်သို့ ဆယ်ယူမည်၊ စသည့် အချက်အလက်များကို မထုတ်ပြန်နိုင်သေးဘဲ နဂါးများ စောင့်ရှောက်ထားသည်ဟုသာ ဦးစံလင်းက ပြောဆိုသည်။

ခေါင်းလောင်းဆယ်ယူခွင့်ရရှိရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့ ခွင့်ပြုချက်စောင့်ဆိုင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။

ခေါင်းလောင်းရှာဖွေမှု သတ်မှတ်ရက် သြဂုတ် ၂၆ ရက်တွင် ဓမ္မစေတီခေါင်းလောင်း တွေ့ရှိနေပြီဟု ခေါင်းလောင်းဆယ်ယူရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက သတင်း ထုတ်ပြန်ထားသည်။

No comments: