Tuesday, September 9, 2014

ABSDF (UNRA)သည် ခွဲထွက်သူများမဟုတ် ABSDF မှ ထုတ်ပယ်ထားသူများဖြစ်ဟု ပြန်လည်ချေပ

ဝေမာသိမ့်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ပြည်ထောင်စုကာကွယ် ရေးတပ် ABSDF(UNRA))ကို ဦးဆောင်နေသူများမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ ABSDF)မှ ခွဲထွက်သူများ မဟုတ်ဘဲ ABSDF မှ ထုတ်ပယ်ထားသူများဖြစ်သည် ဟု မကဒတ သတင်းနှင့်ပြန်ကြားရေးဌာန ဗဟိုဦးဆောင် ကော်မတီဝင် ရဲဘော်လွမ်းဏီက မဇ္ဈိမကို ပြောသည်။

"သဘောထားမတိုက်ဆိုင်လို့ ခွဲထွက်သူတွေ မဟုတ်ပါဘူး။ အဖွဲ့အစည်းက ထုတ်ပယ်ထားသူတွေပါ။ သူတို့ နိုင်ငံရေးရွေးခြယ်မှုအရ အဖွဲ့သစ် ထူထောင်တယ်ဆိုတာကတော့ အငြင်းပွားဖွယ် မရှိပါဘူး’’ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ပြည်ထောင်စုကာကွယ်ရေးတပ် ABSDF(UNRA)ဥက္ကဋ္ဌ ရဲဘော် ခင်ကျော်(စစ်ဦးစီးချုပ်)နှင့် အတွင်းရေးမှူး-၂ ရဲဘော်ကျော်ကျော် (ဒု-စစ်ဦးစီချုပ်)တို့ကို မကဒတ (ABSDF)အဖွဲ့အစည်းမှ ထုတ်ပယ်ထားပြီးဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။

ရဲဘော်ကျော်ကျော်ကိုလည်း စက်တင်ဘာလ ၇ရက် ရက်စွဲဖြင့် မကဒတ (ABSDF)၏ ဗဟိုစစ်ကော်မရှင်မှ ထုတ်ပယ်လိုက်ကြောင့် အမိန့်ထုတ်ပြန်ခဲ့သည်ဟု မကဒတအဖွဲ့ဝင် ရဲဘော်တစ်ဦးထံမှ သိရသည်။

အဖွဲ့သစ်တွင် အတွင်းရေးမှူး-၂အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ရဲဘော်ကျော်ကျော်အား မကဒတ(ABSDF )၏ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ဗဟိုကော်မတီတစ်ယောက်၏ ကျင့်ဝတ်များကို ဖောက်ဖျက်ခဲ့သည့်အတွက် မေလ ၃ရက်မှ ၇ရက်အထိပြုလုပ်ခဲ့သည့် ဗဟိုကော်မတီ အစည်းအဝေးမှ နိုင်ငံရေးနှင့် စည်းရုံးရေးတာဝန်မှ ရုပ်သိမ်းခြင်းနှင့် မကဒတ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ-၄၅(ဂ)(ဃ)(င)အရ ဗဟိုကော်မတီအဖြစ်မှ ရပ်ဆိုင်ကြောင်းနှင့် တာဝန်မှ ရပ်ဆဲပြီးနောက် မိခင်တပ်ရင်းသို့ ပြန်လည်ပို့ဆောင်ရန် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ရဲဘော်ခင်ကျော်နှင့် ပတ်သက်၍လည်း မကဒတ(ABSDF )၏ ဗဟိုစစ်ကော်မရှင်က မကဒတ(ABSDF )မှ ချမှတ်ထားသည့် မူများကျော်လွန်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတပ်ဖွဲ့ အမည်ဖြင့် သီးခြားအဖွဲ့အစည်းထူထောင်ကြိုးပမ်းမှုနှင့် အဖွဲ့အစည်းပြိုကွဲစေရန် ကြိုးပမ်းမှုအပါအ၀င် အချက် လေးချက်ဖြင့် မကဒတ(ABSDF )မှ စက်တင်ဘာ ၅ရက်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ပြည်ထောင်စုကာကွယ်ရေးတပ် ABSDF (UNRA)ကလည်း မကဒတ (ABSDF)မှ ခွဲထွက်ကြောင်း စက်တင်ဘာ ၆ရက်က သိမ်ဇရပ်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြေညာခဲ့သည်။

ABSDF (UNRA)ဥက္ကဋ္ဌ ရဲဘော်ခင်ကျော်(စစ်ဦးစီးချုပ်)က ABSDF မူဝါဒများကို အားကျိုးမာန်တက် လုပ်ဆောင်ရန် နည်းပါးသည့်အတွက် ခွဲထွက်ခဲ့ခြင်းဖြစ်ပြီး ABSDF မူဝါဒများကို ဆက်လက် ကျင့်သုံးသွားမည်ဟုလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ အဖွဲ့သစ်တွင် နိုင်ငံတကာမှ ရဲဘော်များ၏ ထောက်ပံ့ငွေဖြင့်လည်းကောင်း၊ ပြည်သူများထံမှ ရရှိမည့် ဘဏ္ဍာငွေဖြင့်လည်းကောင်း၊ မဟာမိတ်များ၏ သဘောတူညီချက်ရယူထားသည့် စီးပွားရေး လုပ်ငန်းအသေးစားများ လုပ်ကိုင်ကာ ရပ်တည်မည်ဟုလည်း အတွင်းရေးမှူး-၂ ရဲဘော်ကျော်ကျော်က စက်တင်ဘာလ ၆ရက်က မဇ္ဈိမသို့ ဖြေကြားခဲ့သည်။

No comments: