Tuesday, September 2, 2014

Bi မွန်းတည့်နေအမှု မီဒီယာဥပဒေဖြင့် စွဲချက်တင်နိုင်ရေး ကြိုးပမ်းနေဟုဆို

ယုဝေ

Bi မွန်းတည့်နေဂျာနယ်အမှုနှင့် ပတ်သက်၍ သတင်းမီဒီယာဥပဒေကြောင်းအရ စွဲချက်တင်နိုင်ရေး တရားခွင်တွင် အပြန်အလှန်မေးမြန်းခြင်းများပြုလုပ်နေသည်ဟု Bi မွန်းတည့်နေဂျာနယ်အမှု၏ အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဝင်းက မဇ္ဈိမကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများကို ကြားjဖတ်အစိုးအရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF (ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု)က ထုတ်ပြန်” ခေါင်းစဉ်ဖြင့် သတင်းရေးသားဖော်ပြခဲ့သောကြောင့် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ-၅၀၅(ခ)/ ၃၄ ဖြင့် တရားရင်ဆိုင်နေရသည့် Bi မွန်းတည့်နေဂျာနယ် တရားခံငါးဦးနှင့် ပတ်သက်၍ တရားလိုပြ သက်သေများ ရုံးထုတ်ရာ အပတ်စဉ် ကြာသပတေးနေ့တိုင်း တရားခွင်တွင် မေးခွန်းမေးမြန်းရာတွင် သတင်းမီဒီယာဥပဒေပါအချက်များကို ကိုင်စွဲကာ မေးမြန်းခဲ့သည်ဟု ၎င်းက ဆိုသည်။

“အပြန်အလှန်မေးခွန်းတွေမှာလည်း မီဒီယာဥပဒေနဲ့ပတ်သက်ပြီး သက်ဆိုင်ရင် သက်ဆိုင်သလို လျှောက်လဲဖြစ်တယ်။ မေးမြန်းချက်တွေထဲမှာ အကုန်ပါပါတယ်။ အဲ့ဒီတော့ ကျွန်တော်ဆိုလိုတာက ဒီနေ့အမှုစစ်ဆေးတဲ့ ဒီအခြေအနေ ပတ်ဝန်းကျင်အနေအထားကတော့ တော်တော်ကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ သြဂုတ်လ ၂၈ ရက်က ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် တရားလိုပြ သက်သေ သုံးဦးကို ကြားနာစစ်ဆေးခဲ့သည်။ မတ်လ ၁၄ ရက်တွင် သတင်းမီဒီယာဥပဒေကို သမ္မတလက်မှတ်ရေးထိုး အတည်ပြုခဲ့ပြီးဖြစ်သည့်အတွက် သတင်းမီဒီယာသမားများ သတင်းဖော်ပြခြင်းနှင့် ပတ်သက်ပြီး တရားရင်ဆိုင်နေရခြင်းများကို သတင်းမီဒီယာဥပဒေဖြင့် ပြန်လည်ချေပလျှောက်ထားခဲ့ခြင်းဖြစ်သည်။

အတည်ပြုပြဋ္ဌာန်းပြီးသည့် သတင်းမီဒီယာဥပဒေပါအချက်များကို တရားရုံးသို့ တင်ပြထားသည်ဟုလည်း ရှေ့နေဦးကျော်ဝင်းက ပြောသည်။

No comments: