ကျော်စွာဝင်း
နာမည်ကြီးဟိုတယ်တစ်ခု၏ ပိုင်ရှင်၊ စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်ကို စက်တင်ဘာ ၉ ရက်က ရန်ကုန်မြို့ ဆိပ်ကမ်းတရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး တရားလိုဖက်မှ ထွက်ဆိုချက်ကို တရားရုံးတွင် စတင်ကြားနာခဲ့သည်။
တရားလိုဖြစ်သူ အငြိမ်းစား စသုံးလုံးဦးစီးအရာရှိ ဦးခင်မောင်ညွန့်၏ ထွက်ဆိုချက်များကို အမှုအား ကိုယ်တိုင်လျောက်လဲချက်ပေးသူ ဦးဌေးအောင်က ပြန်လည်မေးခွန်းများ မေးခဲ့ပြီး လာမည့် စက်တင်ဘာ ၁၈ ရက်တွင် ထပ်မံရုံးထုတ်မည်ဖြစ်သည်။
မြန်မာ့ရေနံထုတ်ကုန်လုပ်ငန်း(MPPE) နှင့် သဘောတူညီချက်အရ စင်္ကာပူအခြေစိုက် ဇင်ကုန်သွယ်ရေး ကုမ္ပဏီ (Zin Trading Company)အား၊ ၂၀၀၀ ခုနှစ် နိုဝင်ဘာလတွင်၊ စက်ဆီ၊ ချောဆီကို တင်သွင်းခွင့်ပြုခဲ့သော်လည်း၊ ဆီပီပါ ၉၆၀ တွင် စက်ဆီ၊ ချောဆီမှာ ပီပါအလုံး ၈၀ သာလျှင် စက်ဆီ၊ ချောဆီ အစစ်ဖြစ်ပြီး ကျန်ပီပါ ၈၈၀ မှာ စားအုန်းဆီ အုပ်စုဝင် ဆီများဖြစ်နေသည်ကို၂၀၀၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် တွေ့ရှိ သိမ်းဆည်းရမိသည်ဟု တရားလို ဦးခင်မောင်ညွန့်က တရားရုံးတွင် ထွက်ဆိုသည်။
ယင်းကိစ္စအတွက် ဇင်ကုန်သွယ်ရေးကုမ္ပဏီ၏ ဌာနေကိုယ်စားလှယ် ဦးဌေးအောင်ကို ၁၉၄၇ ခုနှစ် သွင်းကုန်၊ ထုတ်ကုန် ကြီးကြပ်ရေး (ယာယီ) ဥပဒေ ၅ (၁)/ ၅ (၃) ပုဒ်မ ဖြင့် ၂၀၀၁ ခုနှစ် သြဂုတ်လ ၇ရက်က ကျောက်တံတားရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ဦးခင်မောင်ညွန်က ထွက်ဆိုသည်။
ဦးဌေးအောင်က တရားလို ဦးခင်မောင်ညွန့်အား ပြန်လှန်မေးမြန်းရာတွင်၊ ၎င်း၏ကုမ္ပဏီတွင် လုပ်ခဲ့သည်ဆိုသော၊ ဦးအောင်ကျော်မြင့်မှာ ၁၉၉၉ ခုနှစ်ဆန်းပိုင်းတွင် အလုပ်မှနုတ်ထွက်ပြီးသည်ဆိုသည်ကို သိပါသလားဟုမေးမြန်းခဲ့သည်။ အလားတူပင် ထွက်ဆိုချက်များတွင်ပါသည့် ဦးထွန်းမြင့်ကျော်အား၊ လုပ်ငန်းများရပ်ဆိုင်းထားသည်ကို သိပါသလားဟုမေးမြန်းခဲ့သည်။ ဦးဌေးအောင် လက်မှတ်ထိုးထားသည်ဆိုသော သိမ်းဆည်းထားသည့် စာရွက်စာတန်းများမှာ ဦးဌေးအောင်၏ လက်မှတ်အစစ်အမှန် ဟုတ်၊မဟုတ် စစ်ဆေးမှု ပြုလုပ်ခဲ့ပါသလားဟု မေးမြန်းခဲ့သည်။ ဘုရင့်နောင် ပွဲရုံရှိ (ယခင်) တပ်မတော် ထောက်လှမ်းရေးပိုင် ဂိုဒေါင်အား၊ ဦးဌေးအောင်မှ ငှားရန်းသုံးစွဲနေခဲ့သည်ကို သိပါသလားဟုမေးခဲ့သည်။ ယင်းအပြင် ဇင်ကုန်သွယ်ရေးကုမ္ပဏီသည်၊ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလိမိတက် နှင့် ထိုအချိန်က ဆက်စပ် အလုပ်လုပ်ခဲ့မှုရှိသည်ကို သိပါသလားဟုမေးမြန်းခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် National Intelligence Bureau (NIB) အဖွဲ့ဖျက်သိမ်းခဲ့စဉ်က ထိုအဖွဲ့အစည်းသည် ပြည်သူများအားမတော်မတရား ဆောင်ရွက်ခဲ့သည်များရှိကြောင်း နိုင်ငံတော်မှကြေညာချက်ထုတ်ခဲ့သည်ကို သိရှိပါသလားဟု မေးမြန်းခဲ့သည်။ ထိုမေးမြန်းချက်အများစုကို တရားလို ဦးခင်မောင်ညွန့် ကဖြကြားရာတွင် မသိရှိကြောင်းကိုသာဖြေကြားခဲ့ပြီး၊ သူ့အနေနှင့် စစ်ဆေးတွေ့ရှိချက်များအပေါ်အခြေခံပြီးသာ ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်။
No comments:
Post a Comment