Friday, September 19, 2014

မကွေး ၄၃၆ ဟောပြောပွဲ စီစဉ်သူ ၁၁ ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲ

ဝိုင်းအောင်

မကွေးမြို့တွင် လွန်ခဲ့သော သုံးလကျော်က ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ စီစဉ်သူ ၁၁ ဦးကို တိုင်း သာသနာရေးဦးစီးမှူးက တရားလိုပြုလုပ်ကာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု) ဖြင့် မြို့နယ်တရားရုံး၌ တရားစွဲဆိုလိုက်ပြီဟု မကွေးမြို့မ ရဲစခန်းက စက်တင်ဘာ ၁၈ရက်တွင် ကာယကံရှင်များကို ခေါ်ယူအသိပေးလိုက်သည်ဟု မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးမိုးက မဇ္ဈိမကို ပြောသည်။

မကွေးမြို့၊ ကန်သာရပ်၊ အေးစေတီဘုရားကွင်းအတွင်း ဇွန် ၉ ရက်က ပြုလုပ်ခဲ့သည့် ၄၃၆ ဟောပြောနှင့် စပ်လျဉ်း၍ ယင်းသို့ တရားစွဲဆိုခံရခြင်းဖြစ်သည်။

ကာယကံရှင်တို့ကမူ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကြည်ဝင်းနှင့် ကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းတို့၏ ခွင်ပြုချက်ရရှိခြင်းကြောင့် ဟောပြောပွဲကို အေးစေတီ ဘုရားကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။ ယင်းအကြောင်းကိုလည်း ဇွန်လ အတွင်း မကွေးမြို့မ ရဲစခန်းက ခေါ်ယူတွေ့ဆုံစဉ် ရှင်းပြခဲ့ပြီးဖြစ်သည်ဟု မကွေးတိုင်း၊ အန်အယ်လ်ဒီ အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောသည်။

"ပုဒ်မ-၄၄၇ အရ တရားစွဲဆိုလာရင်တော့ ကျွန်တော်တို့ ရှေ့နေငှားမှာပါ။ အဲဒီအတွက် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဗဟိုဥပဒေ အထောက်အကူပြု ဦးဉာဏ်ဝင်းကို လိုက်ပါဆောင်ရွက်ဖို့စီစဉ်ထားပါတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ ဟောပြောပွဲကို ပူးပေါင်းကော်မတီဖွဲ့၍ စီစဉ်သူ ၁၁ ဦးအနက် ခေါင်းဆောင်သုံးဦးသည် ယင်းမတိုင်မီ ကပင် ခွင့်ပြုချက်မရှိဘဲ အသံချဲ့သုံးစွဲမှုများဖြင့် တရားရင်ဆိုင်နေရပြီးဖြစ်သည်။

ယခုတစ်ကြိမ် တရားစွဲဆိုမှုတွင် လက်ရှိတရားရင်ဆိုင်နေရသူ မကွေးမြို့နယ်၊ အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးစိုးမိုး၊ အတွင်းရေးမှူး ဦးနေမျိုးကျော်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး)မှ ဦးမောင်မောင်စိုးတို့နှင့် အတူ နှစ်ဖက်ပါတီနှင့် အဖွဲ့အစည်းဝင်များလည်း ပါဝင်လာခြင်းဖြစ်သည်။

No comments: