Friday, September 19, 2014

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်၏ ထက်ဝက်ခန့်ဖြစ်သော ကန်ဒေါ်လာ သန်း ၂,၄၀ဝ ကျော် ဩဂုတ်လအတွင်း ဝင်ရောက်

ထင်လင်းအောင်

ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် ရည်မှန်းထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ထက်ဝက်ကို ဩဂုတ်တစ်လတည်းတွင် ဝင်ရောက်ခဲ့ရာ ပို့ကုန်ကဏ္ဍနှင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေသည့် လုပ်ငန်းများစွာ ပါဝင်လာလျက်ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA စာရင်းများတွင် ဖော်ပြထားသည်။

လက်ရှိဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ သန်း ၅,ဝ၀ဝ ရရှိရန် ရည်မှန်းထားရာ သြဂုတ်လအတွင်း ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများက ခန့်မှန်းပမာဏအားလုံး၏ ထက်ဝက်ခန့်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ဘဏ္ဍာနှစ်အစ လေးလတာဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုပမာဏအားလုံး၏ သုံးဆကျော်ပမာဏ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

DICA ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက "ဘဏ္ဍာနှစ်အစကနေ အခုအချိန်ထိဆိုရင် ဒေါ်လာ သုံးဘီလီယံကျော် ဝင်ရောက်ထားပြီးဖြစ်တော့ မှန်းထားတဲ့ပမာဏရဲ့ သုံးချိုး နှစ်ချိုးကို ရထားပြီးဖြစ်ပါတယ်။ လုပ်ငန်းတွေက အများကြီးပါပဲ။ အများစုကတော့ ကုန်ထုတ်လုပ်ငန်းမှာ ဝင်တာဖြစ်ပါတယ်" ဟု ဩဂုတ် ၁၄ ရက်က အင်းယားလိတ်ဟိုတယ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောသည်။

ဘဏ္ဍာနှစ်အစ လေးလတာကာလတွင် ကုမ္ပဏီပေါင်း ၄၈ ခုမှ ကန်ဒေါ်လာ သန်း ၇၄၀ ကျော်သာရှိကာ ဩဂုတ်လတစ်လတည်းတွင် ကုမ္ပဏီ ၄၀ မှ ကန်ဒေါ်လာ ၂,၄၄၃ သန်းကျော် မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။ စုစုပေါင်းပမာဏအားဖြင့်ဆိုပါက ဩဂုတ်လကုန်အထိ ကန်ဒေါ်လာ ၃,၁၈၃ သန်းကျော် ဝင်ရောက်ထားခြင်း ဖြစ်သည်။

ဩဂုတ်လအတွင်း ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများတွင် ကုန်ထုတ်လုပ်ငန်း ၁၅ ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း သုံးခု၊ စွမ်းအင်ကဏ္ဍလုပ်ငန်း တစ်ခု၊ ဟိုတယ်လုပ်ငန်း နှစ်ခု၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးခု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ၁၃ ခုနှင့် အခြားလုပ်ငန်း သုံးခုတို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ပို့ကုန်ကဏ္ဍအားနည်းနေခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ကုန်ထုတ်လုပ်ငန်းနှင့်ဟိုတယ်လုပ်ငန်းများ ဝင်ရောက်လာခြင်းက ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းရန် အကောင်းဆုံး ကဏ္ဍများဖြစ်သည်ဟု ပုဂ္ဂလိကကုမ္ပဏီ တစ်ခု၏ စီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်လျက်ရှိသူ ဦးလှမောင်က မဇ္ဈိမကို ပြောထားသည်။

ဦးလှမောင်က "နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုတဲ့နေရာမှာ ဘယ်လုပ်ငန်းတွေကို အဓိက ဝင်တာလဲဆိုတာကလည်း အရေးကြီးတယ်။ ကုန်ထုတ်လုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေဆိုတာက အောက်ခြေလူတန်းစားတွေအတွက် တိုက်ရိုက်အကျိုးရှိတဲ့လုပ်ငန်းတွေ ဖြစ်တယ်" ဟု ဩဂုတ်လအတွင်းက မဇ္ဈိမကို ပြောထားသည်။

ထိုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသော်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ဝင်ရောက်မှုနည်းနေရာ အဆိုပါကဏ္ဍများ ဖွံ့ဖြိုးရေးအတွက် ကြီးမားသည့်လိုအပ်ချက်ဖြစ်နေသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများက မဇ္ဈိမကို ပြောထားသည်။

No comments: