Sunday, September 7, 2014

တွဲဖက်သင်ရိုးများ လာမည့်နှစ်တွင် မသင်မနေရ သင်ကြားရတော့မည်

ဇာနည်အောင်

လာမည့်ပညာသင်နှစ်၂၀၁၅-၁၆ မှ စ၍ တွဲဖက်သင်ရိုးများကို မသင်မနေရသင်ရိုးအဖြစ် ထည့်သွင်းသွား မည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန သင်ရိုးညွှန်းတမ်းရေးဆွဲရေးဌာနလက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သင်းဖြူက မဇ္ဈိမကို ပြောသည်။

အဆိုပါ တွဲဖက်သင်ရိုးများမှာ မူလတန်းအဆင့်တွင် တွဲဖက်သင်ရိုးဖြစ်သည့် ရသဆိုင်ရာဘာသာရပ်၊ သက်မွေးမှုနှင့် စိုက်ပျိုးရေးဘာသာရပ်၊ ပြည်သူ့နီတိပါဝင် သည့် စာရိတ္တဘာသာရပ်၊ ကိုယ်ကာယ ဘာသာ ရပ်၊ ဘ၀တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်၊ ကျောင်းလုပ်ငန်းဘာသာရပ် တို့ကို သင်ရိုးများအဖြစ် မသင် မနေရ သင်ကြားရမည်ဖြစ်သည်။

ဒေါ်ခင်သင်းဖြူက “တွဲဖက်သင်ရိုးတွေကို သီးခြားဘာသာရပ်ကနေ သင်ရိုးအဖြစ် ပြောင်းလဲပြီးကျောင်း တိုင်းမသင်မနေရ သင်ကြားပေးရပါမယ်။ စာမေးပွဲဖြေ ဆို စရာမလိုဘဲ နေ့စဉ်သင်ကြားပေးသမျှကို အမှတ် ပေးစနစ်ဖြင့် သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

သင်ရိုးနှင့် တွဲဖက်သင်ရိုးများကို မူလတန်းအဆင့်တွင် ဘာသာရပ်၁၀ ခုသင်ကြားရမည်ဖြစ်ပြီး အလယ် တန်းနှင့် အထက်တန်းအဆင့်တို့တွင် ၁၀ ဘာသာနှင့် အထက်သတ်မှတ် မည်ဖြစ်သည်။တွဲဖက်သင် ရိုးများ ကိုဘာသာရပ် များအဖြစ် သတ်မှတ်မည့်အပြင် အခြေခံ ပညာမူလတန်း၊ အလယ်တန်းနှင့် အထက် တန်း ကျောင်းသုံးသင်ရိုးညွှန်းတမ်းစာအုပ်များတွင် ပါဝင်သောသင်ခန်းစာများကို လျှော့ချမည်ဖြစ်သည်။

အခြေခံပညာမူလတန်းအဆင့်တွင် ၂၀ရာခိုင်နှုန်း၊ အခြေခံအလယ်တန်းနှင့် အထက်တန်းအဆင့်တွင် ၁၁ ရာခိုင်နှုန်းအထိ အသီးသီးလျှော့ချသွားမည်ဖြစ်သည် ဟု ၎င်းကဆိုသည်။ မြန်မာနိုင်ငံ ဘက်စုံလွှမ်းခြုံနိုင် သောပညာရေးကဏ္ဍလေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက “သင်ရိုးညွှန်း တမ်းတွေက အသစ်မဖြစ်တော့ဘူး။ တွဲဖက်သင်ရိုးတွေကို သင်ရိုးအဖြစ်ပြောင်းလဲပြီးမသင်မနေရ သင် ကြားစေရင်းနဲ့ လက်တွေ့ဘ၀နဲ့ ပညာရေးတန်း တူဖြစ် လာစေမယ်” ဟု ပြောသည်။

တွဲဖက်ဘာသာရပ်များကို ဘာသာရပ်များဖြင့် သတ်မှတ်သင်ကြားမည်ဆိုပါက ဆရာနှင့် ကျောင်းသားအချိုး မှာအထက်တန်းဆင့်တွင် ၁ အချိုး၂၄၊အလယ် တန်းဆင့်တွင် ၁ အချိုး ၃၅နှင့် မူလတန်းအဆင့်တွင် ၁ အချိုး ၂၉ ဖြစ်နေခြင်းကြောင့် ဆရာ၊ဆရာမများစွာ မွေးထုတ်ပေးခြင်းဖြင့် ဖြည့်ဆည်းပေးမည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာမူလ တန်းကျောင်း ၃၀,၀၁၅ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၆၆၂၉ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းပေါင်း ၁၆၀ကျော်၊ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း ပေါင်း ၁၅၀ ကျော်နှင့် အထက်တန်း ကျောင်း၂,၇၉၅ ခုရှိသည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

No comments: