Wednesday, September 24, 2014

ဗိုလ်ချုပ်ပုံမီးပုံးဖြင့် ပြိုင်ပွဲဝင်က ဆုမရနိုင်ဟု ယူဆသူအချို့ရှိ

ဂျွန်ချစ်ငြိမ်း

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ၊ သခင်ကိုယ်တော်မှိုင်းပုံစသဖြင့် ဒီဇိုင်းများဖြင့် ယှဉ်ပြိုင်ပါက ရမှတ်လျော့ကျ နိုင်သည်ဟု ပြိုင်ပွဲဝင်အဖွဲ့အချို့နှင့် ပန်းချီဆရာအချို့က ပြောသည်။

“ဘုရားမီးပူဇော်တဲ့ပွဲနဲ့ မသက်ဆိုင်ဘူးလို့ ဒိုင်တွေက ပြောတယ်” ဟု ပန်းချီ ဆရာကိုအောင်ဆန်းက ပြောသည်။

သို့သော် ပြိုင်ပွဲဝင် မီးပုံပျံအဖွဲ့များ နှင့် ပန်းချီဒီဇိုင်းရေးဆွဲသူများကမူ မိမိတို့ စိတ်ကူးနှင့် ယုံကြည်နှစ်သက်ရာ ပန်းချီဒီဇိုင်းများသာ အလှဆင်ရေးဆွဲ သွားမည်ဟုဆိုသည်။

ဗိုလ်ချုပ်နှင့် သခင်ကိုယ်တော်မှိုင်း ပုံဒီဇိုင်းများဖြင့် ပြိုင်ပွဲဝင်ရန် စီစဉ်နေသည့် အဖွဲ့အချို့ကလည်း ယခင်နှစ် အ တွေ့အကြုံများအရ ဆုရနိုင်ဖွယ်မရှိ ဟုသုံးသပ်သည်။ ညမီးကြီး ပြိုင်ပွဲဝင်မည့် “ညူ ၀ိုး” မီးအဖွဲ့ခေါင်း ဆောင် ကိုမျိုးမင်းသိန်းကလည်း ယင်းကို ထောက်ခံသည်။

ယခင်က ပြိုင်ပွဲဝင် မီးပုံးပျံကိုယ်ထည်တွင် ရှမ်းရိုးရာအိုးစည် အကအလှပုံများ၊ ပန်းကနုတ်ဒီဇိုင်းများ၊ ဘုရား ပုထိုးစေတီ၊ ဗုဒ္ဓပုံတော်တို့ဖြင့်သာ ယှဉ်ပြိုင်ကြရာမှ ယခုနောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ၊ သခင် ကိုယ်တော်မှိုင်းပုံ ဒီဇိုင်းများလည်း ရေးဆွဲလာရသည်ဟု ပန်းချီဆရာတို့က ပြောသည်။

ယခင်နှစ် အမှတ်ပေးဒိုင်အဖွဲ့ဝင် တစ်ဦးကမူ ပန်းချီဒီဇိုင်းနှင့် မျက်စိပသာဒဖြစ်မှု၊ ခက်ခဲမှု၊ လက်ရာမြောက် မှုတို့ကိုသာ သုံးသပ်သည်ဟုဆိုသည်။

၂၀၁၃ ခုနှစ်၊ ညမီးကြီး ဆုရမီးပုံးပျံ ကိုယ်ထည်များတွင် ဘုရားပုံတော်ဒီဇိုင်းများ ရေးဆွဲထားသည့် အဖွဲ့များသာ ရထားသည်ဟု ပြိုင်ပွဲမှတ်တမ်းတွင် တွေ့ရသည်။ ယခုနှစ်ပြိုင်ပွဲဝင်မည့် အဖွဲ့များသည် လက်ရှိတွင် မီးပုံးပျံ ကိုယ်ထည်ပန်းချီဆွဲခြင်း၊ စက္ကူကပ်ခြင်း၊ ယမ်းစမ်းသပ်ခြင်းတို့ စတင်ပြုလုပ်နေပြီဟု မီးပုံးပျံ အဖွဲ့ အချို့၏ တာဝန်ရှိသူတို့က ပြောဆိုသည်။

ပြိုင်ပွဲဝင်လိုလျှင် အောက်တိုဘာ ၁ မှ ၃ ရက်အတွင်း တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊ အုပ်ချုပ်ရေးရုံး တွင် စာရင်းပေးသွင်းနိုင်ပြီး အောက်တိုဘာ ၃၀ မှနိုဝင်ဘာ ၇ ရက်ထိ ကျင်းပသွားမည်ဟု မီးပုံးပျံ အမှတ်ပေးဒိုင်အဖွဲ့က ကြေညာထားသည်။

No comments: