ဖိုးစိုးသူ
သမ္မတဖွဲ့စည်းပေးထားသော ရန်ကုန်မြို့ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးကော်မတီ၏ စီမံကိန်းလုပ်ငန်းများ ဒဂုံလေးမြို့နယ်တွင် ပြီးစီးပြီဖြစ်၍ ရေကြီးရေလျှံမှုများ မဖြစ်နိုင်တော့ဟု ကော်မတီလက်ထောက် ညွှန်ကြားရေးမှူး ဦးရဲသူဝင်းက စက်တင်ဘာ ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။
“မြေပြင်စီမံကိန်းဆောင်ရွက်မှု အခြေအနေတွေကတော့ ပြီးသွားပြီ။ ပဲခူးမြစ်နဲ့ ငမိုးရိပ်ချောင်းမှာ ရေတံခါး လုပ်တာတွေ၊ ရေမြောင်း ဖော်တာတွေ၊ သောင်တူးတာတွေ ကမ်းပြိုတာတွေကို ထိန်းသိမ်းရေးတွေ လုပ်ဆောင်ပေးပြီးပြီဖြစ်လို့ ရေကြီးမှုက ဒီလေးမြို့နယ်မှာ ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး။ ရန်ကုန်မြို့အတွက်ဆိုရင်တော့ လှိုင်မြစ်ကို ဆက်လက်လုပ်ဆောင်ရမယ်။ အဲဒီအတွက်ကို မြို့တော်စည်ပင်သာယာကနေ လုပ်ဆောင်သွားဖို့ ရှိတယ်”ဟု ပြောသည်။
ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် ပဲခူးမြစ်နှင့် ငမိုးရိပ်ချောင်းကြားရှိ ဒဂုံလေးမြို့နယ်ဖြစ်သော ဒဂုံအရှေ့၊ မြောက်၊ တောင်ပိုင်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ၁၂,၃၀၀ အသုံးပြု ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ကာကွယ်မှုများ လုပ်ဆောင်ရာတွင် ရေမတက်စေရန် ငမိုးရိပ်ချောင်းတွင်းရှိ နုန်းများကို ဆယ်ယူခြင်း၊ ရေထွက်ပေါက်များကို ရေတံခါးများ ပြုလုပ်ပေးခြင်းနှင့် ရေမြောင်းများ ဖောက်ယူခြင်းတို့ကို ဖေဖော်ဝါရီလအတွင်းက စတင်လုပ်ဆောင်ခဲ့ရာ သြဂုတ်လတွင် ပြီးစီးပြီဟု ဆိုခြင်းဖြစ်သည်။
ရေကြီးရေလျှံမှု ကာကွယ်ရန် စတင်လုပ်ဆောင်ချိန်မှစတင်ပြီး ငမိုးရိပ်ချောင်း ရေကြီးမှုများ လျော့နည်းလာခဲ့ပြီး ရပ်ကွက်များအတွင်း ရေမြောင်းဖော်ခြင်း၊ တံတား ဆောက်လုပ်ပေးခြင်းလုပ်ငန်းများ၊ ချောင်းအတွင်း သောင်တူးခြင်းများကို လုပ်ဆောင်ပေးသည်ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သော ကိုငြိမ်းချမ်းက ပြောသည်။
၎င်းက “အရင်တုန်းကလောက်တော့ ရေမကြီးတော့ဘူး။ ရေကြီးလည်း ခဏပဲ။ ဒါပေမဲ့ ရပ်ကွက်တွေထဲမှာ ရေမြောင်းဖော်တဲ့အခါ လူမြင်ကွင်းတွေလောက်ပဲ လုပ်ကြတယ်။ ရပ်ကွက်ထဲက ရေမြောင်းတွေအကုန် လုံးလိုက်လုပ်တာမျိုးတော့ မရှိဘူး။ ရေမကြီးအောင် အကောင်ထည်ဖော်ဆောင်ရွက်နေမှန်းတော့ သိသာတယ်” ဟု ဆိုသည်။
ရေကြီးရေလျှံမှု ကာကွယ်ရေး စီမံကိန်း ပြီးစီးသွားပြီဖြစ်သော်လည်း ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပေါ် မလာစေရေးအတွက် ပြည်သူများက မြောင်းနှင့် မြစ်ချောင်းများအတွင်းသို့ အမှိုက်များပစ်ခြင်း မပြုလုပ်ရန် လိုသည်ဟု ကော်မတီ၏ လ/ထ ညွှန်ကြား ရေးမှူး ဦးရဲသူဝင်းက ဆိုသည်။
ကော်မတီကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သမ္မတက ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး ဆည်မြောင်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
သြဂုတ်လ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး၌ ရန်ကုန်မြို့အတွင်း ရေကြီး ရေလျှံမှုများကို ငွေကျပ်သန်းပေါင်းများစွာ အသုံးပြုလုပ်ဆောင်နေသော်လည်း ရာနှုန်းပြည့် ကာကွယ်နိုင်မည်မဟုတ်ဟု မြို့တော်ဝန်က ပြောဖူးသည်။ ဗဟန်းမြို့နယ် အမှတ် (၂)မဲဆန္ဒနယ် တိုင်းလွှတ်တော် အမတ် ဒေါက်တာညိုညိုသင်း၏ ရန်ကုန်တိုင်းအတွင်း ရေကြီးရေလျှံမှုများကို မည်သို့အရေးယူဆောင်ရွက်နေသည်နှင့်စပ်လျဉ်းသည့် မေးခွန်းကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ယင်းသို့ ပြန်ဖြေခြင်းဖြစ်သည်။
No comments:
Post a Comment