စူးမယ်
၂၀၁၄ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် ကယားပြည်နယ်အတွင်း နေထိုင်သော ကျား၊ မ ဦးရေမှာ စာရင်းအရ အချိုး ညီမျှမှု ရှိနေကြောင်း ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှုး ဦးစိုင်းဘုန်းတင့်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
ပည်နယ်ဦးစီးမှူးက “ကယားပြည်နယ်မှာက လူဦးရေ စုစုပေါင်း ၂၈၆၇၃၈ဦးရှိပြီးတော့ ကျားဦးရေက ၁၄၃၄၆၁ဦးနဲ့ မဦးရေက ၁၄၃၂၇၇ဦးရှိပါတယ်။ ကယားပြည်နယ်မှာက ကျား၊မ ဦးရေကပျမ်းမျှညီပါတယ်” ဟု ပြောသည်။
၎င်းလူဦးရေ စာရင်းသည် သန်းခေါင်စာရင်းကောက်ယူစဉ်တွင် အိမ်ထောင်ဦးစီး(သို့) အိမ်အကြောင်းအရာပြောဆိုနိုင်သည့် သူမှ ဖြေကြားသွားသည့် လူဦးရေစာရင်းအတိုင်း ကောက်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူမှု လူဦးရေ စာရင်းအရ ကျား၊မ အချိုးမှာ မ ၁၀၀ ဦးတွင် ကျား ၉၃ ဦးဖြစ်ပြီး မ ဦးရေသည် ကျား ဦးရေထက်ပိုများကြောင်းသိရသည်။
ကယားပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ စာရင်းကိုမူ သက်ဆိုင်ရာ ဌာနမှ အတိအကျ ထုတ်ပြန်ပေးခြင်းမရှိသောကြောင့် မသိရသေးကြောင်း ပြည်နယ်ဦးစီးမှူးက ဆက်ပြောသည်။
၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စရင်းကောက်ယူချက်အရ ကယားပြည်နယ်အတွင်း လူဦးရေ စုစုပေါင်း ၂၈၆ ၇၃၈ရှိပြီး၊ လူဦးရေ (၂၁၄ ၂၉၄)ဦးမှာ ကျေးလက်ဒေသတွင် နေထိုင်သူ လူဦးရေဖြစ်ပြီး ကျန်လူဦးရေ (၇၂ ၄၄၄) ဦးမှာ မြို့နေ လူဦးရေဖြစ်ကြောင်း သိရသည်။
ပြည်နယ်ဦးစီးမှူးက “ရာထားချက်ထက် အကုန်လုံးကျော်ပြီး ကောက်ခံနိုင်တဲ့အတွက်ကို မကောက် နိုင်တဲ့အနေအထားမျိုးမရှိတဲ့ အခါကျတော့ အောင်မြင်တယ်လို့ပဲ ပြောဆိုရမှာပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် သန်းခေါင်စရင်းကို လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၈၁တွင် ဒုတိယအကြိမ် ကောက်ယူခဲ့ပြီး ယခုနှစ် ၃၀အကြာတွင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စရင်းကို ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့မှစ၍ ဧပြီလ ၁၀ ရက်နေ့ထိ ၁၂ ရက်တာ ကောက်ယူခဲ့ခြင်းဖြစ်သည်။

No comments:
Post a Comment