စည်သူအောင်
နိုင်ငံတကာတွင် ကန်ဒေါ်လာ ဝယ်လိုအားမြင့်တက်မှုနှင့် ရွှေဈေးကျဆင်းမှုကြောင့် နိုင်ငံခြားငွေလဲနှုန်းသည် ရက်ပိုင်းအတွင်း ၁၀ ကျပ်ကျော် ခုန်တက်ခဲ့သည်ဟု တရားဝင်ငွေလဲကောင်တာများနှင့် ပြင်ပငွေဈေးကွက် အတွင်း ရောင်းဝယ်နေသူများက ပြောကြားသည်။
ပြီးခဲ့သည့်တစ်ပတ်မှစတင်ကာ ကန်ဒေါ်လာငွေလဲနှုန်း တရိပ်ရိပ် စတင်မြင့်တက် ခဲ့ပြီး စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြင်ပဈေးကွက်အတွင်း ကန်တစ်ဒေါ်လာ လျှင် ၀ယ်ဈေး ၉၈၄ ကျပ်၊ ရောင်းဈေး ၉၈၉ ကျပ်ခန့် ဖြစ်ပေါ်ခဲ့သော ငွေလဲနှုန်းသည် စက်တင်ဘာ၂၂ ရက် မွန်းလွဲပိုင်းတွင် ဝယ်ဈေး ၉၉၃ ကျပ်၊ ရောင်းဈေး ၉၉၅ ကျပ် အထိ ခုန်တက်လာခဲ့ခြင်း ဖြစ်သည်။
ပုဂ္ဂလိကဘဏ် ငွေလဲကောင်တာများတွင် စက်တင်ဘာ ၂၂ ရက်က ဝယ်ဈေး ၉၈၃-၉၈၅ ကျပ်နှင့် ရောင်းဈေး ၉၉၁-၉၉၃ ကျပ်ဖြင့် လဲလှယ်ပေးနေသည်။
ကန်ဒေါ်လာသည် အခြား ကမ္ဘာ့အဓိက ငွေကြေးများနှင့် နှိုင်းယှဉ်ပါက တန်ဖိုးမြင့် တက်လျက်ရှိပြီး နိုင်ငံတကာရွှေဈေးမှာ စက်တင်ဘာ ၁၉ ရက်တွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၁,၂၂၀ ရှိရာမှ စက်တင် ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် ကန်ဒေါ်လာ ၁,၂၁၄ အထိ ဆက်လက်ကျဆင်းခဲ့သည်။
“နိုင်ငံတကာမှာလည်း ကန်ဒေါ်လာကို ဝယ်လိုအားများနေတယ်။ ရွှေဈေးကလည်း ကျနေတယ်။ ပြည်တွင်း မှာ သွင်းကုန်ပမာဏလည်းများနေတော့ အဝေးဈေးကကောင်းနေတယ်။ ဒီရက်ပိုင်းကတော့ တရိပ်ရိပ်ကို တက်နေဦးမှာပါ” ဟု နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတစ်ဦးက ပြောသည်။
ပြည်တွင်း နိုင်ငံခြားငွေကြေး ဈေးကွက်တွင် ကန်ဒေါ်လာ ငွေလဲနှုန်းမှာ ၉၇၃-၉၇၅ ကျပ်ဝန်းကျင်တွင် ဇွန်လ ကုန်မှ စတင်ကာ တည်ငြိမ်နေရာမှ ယခုဈေးကွက်လှုပ်ရှားလာ ခြင်းဖြစ်သည်။
“နိုင်ငံတကာမှာလည်း ဒေါ်လာဈေးမြင့်နေတယ်။ ပြီးတော့ ဒီအချိန်က ပို့ကုန်နည်းပြီး သွင်းကုန်တင်သွင်းမှု တွေ များနေတယ်။ ကုန်သွယ်မှု လိုငွေများနေတယ်ဆိုပေမယ့် ရင်းနှီးမြှုပ်နှံမှုဘက်တွေ၊ စီးပွားရေးလုပ်ငန်း တွေဘက်ကို ဝင်တာ များနေတာဆိုတော့ စိုးရိမ်စရာမလိုဘူး”ဟု စီးပွားရေးပညာရှင်တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးငွေလဲနှုန်းမှာ ၂၀၀၇ ခုနှစ် ဇူလိုင် ၁ ရက်တွင် ဖြစ်ပေါ်ခဲ့ပြီး ကန်တစ်ဒေါ်လာလျှင် ၁,၃၆၅ ကျပ်အထိ ဈေးပေါက်ခဲ့သည်။ အနိမ့်ဆုံးငွေလဲနှုန်းမှာ လက်ရှိအစိုးရ တက်ခါစ ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်၌ ဖြစ်ပေါ်ခဲ့ပြီး ၇၂၅ ကျပ်သာ ဈေးပေါက်ခဲ့သည်။
No comments:
Post a Comment