Sunday, September 7, 2014

မြေပုံတွင် ဘင်္ဂလီ ၅၀၀ကျော်ကို နိုင်ငံသားပြုခွင့်ရသူအဖြစ် မြို့နယ် အဆင့်မှတ်ချက်ပြု

ကေဇူး

ရခိုင်ပြည်နယ် မြေပုံမြို့တောင်ပုံ ဒုက္ခသည် စခန်းတွင် နိုင်ငံသား စိစစ်မှု ပြုလုပ်လျှက်ရှိရာ စက်တင်ဘာ ၂ ရက်နေ့ အထိ နိုင်ငံသားပြုခွင့်ရသူအဖြစ် မြို့နယ် အဆင့်မှတ်ချက်ပြုခံရသူ ငါးရာကျော်အထိ ရှိလာပြီဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က မဇ္ဈိမကိုပြောသည်။

စက်တင်ဘာ ၂ ရက် အထိ စိစစ်ပြီး စီးမှုတွင် စုစုပေါင်း ၆၂၆ဦး ရှိလာပြီဖြစ်ပြီး နိုင်ငံသားအဖြစ် သဘောထားမှတ်ချက်ပြုသူ ၈၀ဦး၊ နိုင်ငံသားပြုခွင့်ရသူအဖြစ် သဘောထား မှတ်ချက်ပြုသူ ၅၃၄ ဦး ဆောင်ရွက်ပေးရန် မသင့်ဟု သဘောထားမှတ်ချက်ပြုသူ ၁၂ ဦးတို့ ဖြစ်သည်ဟု ဆိုသည်။

“နိုင်ငံသား အဖြစ်မှတ်ချက်ပြုတာက နဂိုကတည်းက သူတို့မှာ သုံးခေါက်ချိုးကဒ် သို့မဟုတ် ပန်းရောင်ကဒ် ကိုင်ထားတဲ့သူတွေဖြစ်တယ်”ဟု ဦးဝင်းမြိုင်က မဇ္ဈိမကိုပြောသည်။

နိုင်ငံသား ပြုခွင့်ရသူများမှာ ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် ထပ်မံ စိစစ်ရဦးမည်ဖြစ်သည်။

ရခိုင်ပြည်နယ် မြေပုံ ဒုက္ခသည် စခန်းတွင် ဒုက္ခသည် သုံးထောင်ကျော်ရှိပြီး ယင်းတို့ကို ဇွန်လကစ၍ ၈၂ နိုင်ငံသားဥပဒေဖြင့် နိုင်ငံသား စိစစ်ခြင်းကို စတင်ခဲ့ခြင်းဖြစ်သည်။

ယင်းသုံးထောင်ကျော်အနက်မှ တစ်ထောင်ကျော်က နိုင်ငံသားဖြစ်ခွင့် ပြန်လည်လျှောက်ထားခဲ့ပြီး သြဂုတ်လ ၅ ရက်တွင် မြို့နယ်အဆင့် တစ်ဦးချင်း လူတွေ့စစ်ဆေးခဲ့ခြင်းဖြစ်သည်။

No comments: