Friday, September 26, 2014

သုဝဏ္ဏအိမ်ရာ လခများ ပြန်လည်ညှိနှိုင်း သတ်မှတ်ပေးမည်ဟု ဆောက်လုပ်ရေး ဒုဝန်ကြီးပြော

စိုးသန်းလင်း

၁၉၆၅-၆၆ ၌ စတင် အကောင်အထည်ဖော်ခဲ့သည့် သုဝဏ္ဏလုပ်အားပေးအိမ်ရာ၏ လခများကို ၂၀၁၄ မတ်လ ၂၅ တွင် ရန်ကုန်တိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက ကာယကံရှင် ပြည်သူတို့၏ သဘောထားကို ရယူမှုမရှိဘဲ အိမ်လခများ တိုးမြှင့်သတ်မှတ်ခြင်းကို ပြန်လည်ပြင်ဆင်ပေးရန် ရှိမရှိ သင်္ကန်းကျွန်း လွှတ်တော် အမတ်က မေးသည်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြန်လည် ညှိနှိုင်းပြီး သတ်မှတ်ပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြေကြားခဲ့သည်။

“အိမ်လခပြင်ဆင် သတ်မှတ်ခြင်းအတွက် မူလ အိမ်ငှားဦးစီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် မြို့ ရွာနှင့်အိုးအိမ်ဖွံ့ ဖြိုးရေး ဦးစီးဌာနတို့  ပူးပေါင်းညှိနှိုင်းပြီး သတ်မှတ်ပေးသွားပါမယ်” ဟု ဒုဝန်ကြီး ဦးစိုးတင့်က စက်တင်ဘာ ၂၅ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး၏ အဖြေ၌ မည်သည့်ကာလတွင် ညှိနှိုင်းသတ်မှတ်ပေးမည်ဟု မပါသော်လည်း ယခင်အိမ်လခတို့ မှာ ခေတ်ကာလနှင့် မကိုက်ညီတော့သဖြင့် တိုးမြှင့်ကောက်ခံလိုက်ခြင်းဖြစ်ကြောင်း၊ အိမ်ရာစခန်းများ ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် စီမံခန့် ခွဲမှုစရိတ်များအတွက် အထောက်အပံ့ရရှိစေရန် ဖြစ်ကြောင်း၊ သုဝဏ္ဏလုပ်အားပေးအိမ်ရာကမူ အခြားအိမ်ရာများနှင့် မတူကွဲပြားသည့် စီမံကိန်းဖြစ်၍ အိမ်လခပြင်ဆင်သတ်မှတ်ပေးမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် အစိုးရဝန်ထမ်းများ၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် တည်ဆောက်ခဲ့သည့် ထူးခြားသော လုပ်အားပေးအိမ်ရာဖြစ်ပြီး အနည်းဆုံး နာရီ ၁၂၀ လုပ်အား ပေးသူတို့အား အိမ်ပိုင်ဆိုင်စေသည့် စီမံကိန်းဖြစ်သည်ဟု ပြည်သူ့ လွှတ်တော်အမတ် ဦးသိန်းညွန့် က ပြောသည်။

ဒုဝန်ကြီးက “ မူလ အိမ်ငှားဦးစီး မရှိရင် ဇနီး ခင်ပွန်း သားသမီး မြေးမြစ်တွေကို ဆက်လက် နေထိုင်ခွင့် ပေးထားပါတယ်၊ ၀ယ်ယူနေထိုင်သူတွေကိုတော့ သတ်မှတ်အိမ်လခများ ပေးသွင်းစေပြီး ဆက်လက်နေထိုင်ခွင့်ပြုသွားမှာပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ လုပ်အားပေး အိမ်ရာရှိ အိမ်ခန်းပေါင်း ၂၇၂၂ ခန်း တို့တွင် မူလ လုပ်အားပေးနေထိုင်သူတို့၏ ဇနီး ခင်ပွန်း သားသမီးတို့၏ အခန်းမှာ ၃၇၅ ခန်းသာရှိပြီး ပြန်လည် အငှားချထားသော အခန်းမှာ ၆၄၀ ရှိကာ ကျန်အခန်း ၂၀၈၂ ခန်းတို့ သည် အရောင်းအဝယ်ပြုလုပ်ထားသော အခန်းများသာ ဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ဖြေကြားခဲ့သည်။

No comments: