ထင်လင်းအောင်
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် ပုဂ္ဂလိကစီးပွားရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်းမှုဖြင့် တည်ထောင်မည့် ကိုးကန့်စီးပွားရေးဇုန်ကို ကျပ်ငွေ ၁၄၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၏ခွင့်ပြုချက်အရ ညွှန်ကြားရေးမှူး ဦးသန့်စင်ကြိုင် က မဇ္ဈိမကို စက်တင်ဘာ ၅ ရက်တွင် ပြောသည်။
ကိုးကန့်စီးပွားရေးဇုန်ကို ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့နှင့် Kokant Mar Li Per Development Co., Ltd. တို့က သုံးနှစ်အတွင်း အကောင်အ ထည်ဖော်သွားရမည်ဖြစ်ပြီး သြဂုတ် ၁၅ ရက်၌ ပြုလုပ်ခဲ့သည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၁/၂၀၁၄ အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်းဖြစ် သည်ဟု ထုတ်ြ ပန်ထားသည်။
“ရင်းနှီးမြှုပ်နှံသူတွေရဲ့ တင်ပြချက်အရကတော့ လမ်းဆက်သွယ်မှုတွေနဲ့ လျှပ်စစ်မီး ရရှိရေးကိစ္စတွေကိုစပြီး လုပ်နေပြီလို့ သိရပါတယ်။အရမ်းဝေးတဲ့ ဒေသဖြစ် တဲ့အတွက် ဘယ်လောက်အထိ လုပ်ထားပြီးပြီလဲ ဆိုတာတော့ သွားမကြည့်နိုင်သေးပါဘူး။ ရင်းနှီး မြှုပ်နှံမှုကတော့ ကျပ်သန်း ၁၄၂,၀၀၀ (၁၄၂ ဘီလီယံ)ပါ” ဟု ဦးသန့်စင်ကြိုင်က ပြောသည်။
အဆိုပါစီးပွားရေးဇုန်သည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် ခရိုင်၊ လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်း ကျေးရွာနှင့် ရင်ထျန်းထင်ဦးပိုင်အမှတ် (၁၂၃) ရှိ မြေ ၁,၀၀၇ ဧက ပေါ်တွင် အကောင်အထည် ဖော်ဆောင်နိုင်ရန် ခွင့်ပြုချက်ချထားပေးခဲ့ခြင်းဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုကော် မရှင်က ထုတ်ပြန်ထား သည်။
ထို့အပြင် ရင်းနှီးမြှုပ်နှံ သူများသည် ကိုးကန့်စီးပွားရေးဇုန် အကောင်အထည်ပေါ် လာရေးအတွက် မြေယာ များဖော်ထုတ်ခြင်း၊ ရောင်းချခြင်းနှင့် ငှားရမ်းခြင်း ၀န်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်နိုင်မည်ဖြစ်သည် ဟုလည်းပါရှိသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက “ရင်းနှီးမြှုပ်နှံမှု စိစစ်ခွင့်ပြုချက်နဲ့အညီ ဆောင်ရွက်ပြီးမှ လုပ်ကိုင် ခွင့်ချထား ပေးလိုက်တာပါ”ဟု မဇ္ဈိမကို ပြောသည်။
စီမံကိန်းနှင့် သက်ဆိုင်သော အကောင်အ ထည်ဖော်ဆောင်မည့် အသေးစိတ် အချက် အလက်များအတွက် ကိုးကန့်အဖွဲ့သို့ မဇ္ဈိမ ကဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားမှုတစ်စုံတစ်ရာ မရရှိခဲ့ပေ။
ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်သူအနက် ပုဂ္ဂလိကကုမ္ပဏီဖြစ်သည့် Kokant Mar Li Per Development Co., Ltd. ကို ဦးဘေစောချိန် (ခ)ပယ်စောက်ချိန်ပိုင်ဆိုင် ထားခြင်းဖြစ်ကာ ထင်ပါကျိုင်းကျေးရွာစု၊ လောက်ကိုင် မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရုံးအထိုင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ယင်းကုမ္ပဏီသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် မှတ်ပုံတင်အမှတ် ၄၄၆၁/ ၂၀၁၂-၁၃ဖြင့် တည်ထောင်ခွင့်ရရှိခဲ့ပြီး Border No.(BP-125) ဖြင့် နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိ သည်။
No comments:
Post a Comment