ထွန်းကိုကို
ဘုရင့်နောင် တံတားအမှတ်(၂) ဆောက်လုပ်ရေးစီမံကိန်းကြောင့် ရေလယ်ခန်းပေါက်မှ ဖြတ်သန်းသွားလာမှု သြဂုတ်လ ၃၁ ရက်က စတင်ကာ နှစ်လကျော်ကြာ ပိတ်ထားမည်ဟု ဘုရင့်နောင်တံတား အမှတ်(၂) အထူးစီမံကိန်းကြီးအဖွဲ့မှ အင်ဂျင်နီယာမှူးကြီး ဦးတင့်လွင်က ပြောသည်။
အဆိုပါစီမံကိန်းကြောင့် မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်ဘက်ခြမ်း ရေလမ်းကြောင်းများကိုမူ ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ နှစ်လကြာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားမည်ဟု ၎င်းက ဆိုသည်။
အဆိုပါတံတားသစ်မှ မရမ်းကုန်းမြို့နယ်ဘက်ခြမ်း ရေလမ်းကြောင်းကိုသာ လက်ရှိတွင် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ရေယာဉ်ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်မှသာ လှိုင်သာယာမြို့နယ်ဘက်ခြမ်း ရေလမ်းကြောင်းကို နေ့ဘက်ဖြတ်သန်းသွားလာခွင့်ပြုသွားမည်ဖြစ်သည်။
“တံတားဆောက်တာက နိုဝင်ဘာလလောက်မှာ ပြီးနိုင်မယ်။ ရေလယ်ခန်းတည်ဆောက်မှုပြီးသွားရင် တံတားကို ချက်ချင်းဖွင့်သွားမှာပါ”ဟု ဦးတင့်လွင်ကပြောသည်။
ယင်းတံတားတည်ဆောက်နေမှုကာလအတွင်း၌ ရေလမ်းကြောင်းပိတ်ထားရခြင်းမှာ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရန်၊ အခြားသော ကုန်တင်သင်္ဘောများက အဟန့်အတားများ မဖြစ်စေရန် ပိတ်ထားခြင်းဖြစ်သည်ဟု ဦးတင့်လွင်က ဆိုသည်။
ဘုရင့်နောင်တံတားအမှတ်(၂) တည်ဆောက်ရေးစီမံကိန်း ရေယာဉ်ဖြတ်သန်းမှုနှင့် ပတ်သက်ပြီး သြဂုတ် လ ၃၁ ရက်က သတိပေးနှိုးဆော်ချက်ကို ပြင်ဆင်ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်အရ ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း မည်သည့်ရေယာဉ်မှ ဖြတ်သန်းသွားလာခြင်း မပြုရန်၊ ရေယာဉ်အားလုံး ရေဆန်ဖြင့်သာ ဖြတ်သန်းခွင့်ပြုရန်၊ အရှည် ပေ ၁၂၀၊ အကျယ် ၂၅ ပေထက်မပိုသော (ကုန်မပါ)စက်တပ်ယာဉ်များသာ ဖြတ်သန်းခွင့်ပြုရန်၊ ဘုရင့်နောင်တံတားအထက်ဘက် အောင်ဇေယျကြိုးတံတားနှင့် အောက်ဘက် သီရိမင်္ဂလာဈေးကြား ရေပြင်အတွင်း မည်သည့်ရေယာဉ်မှ ကျောက်ချရပ်နားခွင့်မပြုရန်၊ တွဲရေယာဉ်၊ တွန်းရေယာဉ်များ ဖြတ်သန်းခွင့်မပြုရန်၊ သဲသမ္ဗန်များ လုံးဝဖြတ်သန်းခွင့်မပြုရန်စသည့် အချက် ရှစ်ချက်ပါ သတိပေးနှိုးဆော်ချက်ကို ထုတ်ပြန်ထားသည်။
ယင်းသို့ ရေလမ်းကြောင်းများ ပိတ်ထားမှုရှိနေသော်လည်း ကုန်စိမ်း၊ သဲ၊ ကျောက်များကို ကုန်တင်ပို့မှုများမှာ လက်ရှိအချိန်အထိ ဆုံးရှုံးမှု၊ နှစ်နာမှုနှင့် ကုန်ဈေးနှုန်းတက်ခြင်းများစသည့် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုမရှိဟု သဲ၊ ကျောက်လုပ်ငန်းလုပ်သူများနှင့် သီရိမင်္ဂလာဈေးရှိ ကုန်စိမ်းရောင်းသူများက ဆိုသည်။
No comments:
Post a Comment