ဖနိဒါ
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဂွတ်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မကျင့်ခဲ့သည့် အစိုးရ စစ်တပ်မှ ရဲဘော် ကောင်းဘိုဘိုအမှု စစ်ဆေးရန် စက်တင်ဘာ ၂၄ ရက်တွင် ဒုတိယမြောက် ရုံးချိန်းသို့ တရားခံဘက်မှ သက်သေများ ရောက်မလာသဖြင့် အောက်တိုဘာ ၁ ရက်သို့ ရွှေ့ဆိုင်းလိုက်သည်။
မူဆယ်ခရိုင် တရားရုံးက ယခုရုံးချိန်း၌ အဓမ္မမကျင့်သည့် ရဲဘော်၏ အိမ်ရှင်၊ မြို့နယ် ဆရာဝန်နှင့် တရားသူကြီးများကို သက်သေများအဖြစ် ခေါ်ယူခဲ့သော်လည်း ရောက်မလာခြင်းဖြစ်သည်ဟု တရားလိုဘက်မှ ရှေ့နေရွယ်ဆိုင်းက မဇ္ဈိမကို ပြောသည်။
“ဒီနေ့ သက်သေတွေ ဘယ်သူမှ မတက်လာကြဘူး။ သက်သေတွေ မတက်လာလို့ နောက်တပတ် ရုံးချိန်းပြန်ပေးလိုက်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်က မူဆယ်-ကွတ်ခိုင် ကားလမ်းပေါ်ရှိ နမ်ဂွတ်ကျေးရွာသူ အမျိုးသမီးငယ်သည် ဈေးဝယ်ပြီး နေအိမ်သို့ အပြန်လမ်းတွင် အစိုးရ တပ်ရင်း ခလရ ၅၆၇ မှ ရဲဘော် ကောင်းဘိုဘိုက အဓမ္မကျင့်ခဲ့၍ ကွတ်ခိုင်မြို့ စစ်မဟာဗျူဟာ စစ်ခုံရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်။ သို့သော် ကလေးမိဘများနှင့် ရှမ်းပြည်နယ် ကချင်စာပေနှင့် ယဉ်ကျေးမှု အမျိုးသမီးအသင်းတို့က အရပ်ဘက်တရားရုံးကို လွှဲပြောင်းပေးရန် တောင်းဆိုသဖြင့် အဓမ္မကျင့်ပြီး လေးလကျော် အကြာ စက်တင်ဘာလ ၁၉ ရက်တွင် ပထမဆုံးအကြိမ် စတင်စစ်ဆေးခဲ့သည်။
ပထမဆုံးအကြိမ် ရုံးချိန်းတွင် မူဆယ်ခရိုင် တရားသူကြီး ဦးခင်မောင်ဝင်းက နှစ်ဖက်မိသားစုများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို စစ်ဆေးမြန်းမြန်းခဲ့သည်။
တရားလို အမျိုးသမီးငယ်အား တရားရုံးသို့ တက်ရောက်ရန် မလိုကြောင်း ယခင် ရက်သတ္တပတ်ရုံးချိန်းတွင် ပြောဆိုခဲ့သဖြင့် ဒုတိယမြောက် ရုံးချိန်းသို့ မသွားရောက်ခဲ့ကြောင်း အမှုကို ကူညီဆောင်ရွက်ပေးနေသူ ရှမ်းပြည်နယ် ကချင် စာပေနှင့် ယဉ်ကျေးမှု အမျိုးသမီးအဖွဲ့ တွဲဘက်အတွင်းရေးမှူး (၁) ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။
အမှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ တပ်ရင်းမှ စစ်ကြောင်းမှူးက အမှုကျေအေးပေးရန် လက်ဆောင်ပစ္စည်းများပေး၍ ပြောဆိုမှုရှိခဲ့သော်လည်း အမျိုးသမီးငယ်၏ မိဘများက ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှု အမျိုးသမီးအဖွဲ့ထံ သွားရောက် အကူအညီတောင်းခံခဲ့ပြီး ကွတ်ခိုင် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်ဟု သိရသည်။
No comments:
Post a Comment