Tuesday, September 2, 2014

လူထုလက်လှမ်းမီသည့် နှုန်းဖြင့် တန်ဖိုးနည်းအိမ်ရာများ မြို့ကြီး ၉ ခုတွင် ဖော်ဆောင်မည်ဟု သမ္မတပြော

မင်းဟိန်းထက်

ပြည်သူလူထုလက်လှမ်းမှီနိုင်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်သာမက အခြားမြို့ကြီးများတွင်ပါ အကောင်အထည်ဖော်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်သည်။

နိုင်ငံ၏ လက်ရှိဆောင်ရွက်မှု အခြေအနေများကို နိုင်ငံတော် သမ္မတမှ လစဉ် ရေဒီယိုမှ မိန့်ခွန်းပြောကြားခဲ့ပြီး သြဂုတ်လအတွင်း အစိုးရ၏ ဆောင်ရွက်ချက်များကို ပြောကြားခဲ့သည့် စက်တင်ဘာ ၁ ရက် ရေဒီယို မိန့်ခွန်းတွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းပြုလုပ်ပေးရန် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိဆောင်ရွက်နေတဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ရန်ကုန်နဲ့ မန္တလေးလို နေရာများမှာသာမကပဲ မြို့ကြီးများဖြစ်တဲ့ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနဲ့ စစ်တွေ လိုနေရာမျိုးမှာ ပြည်သူလူထု လက်လှမ်းမှီစေနိုင်မယ့် ပြည်သူ့အိမ်ရာစီမံကိန်းတွေကို မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် အညီအကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးမြို့တော်ဖြစ်ပြီး လူဦးရေ ၇သန်းဝန်းကျင် နေထိုင်နေသည့် ရန်ကုန်မြို့တော် အပါအဝင် အခြားမြို့ကြီးများကို ခေတ်မှီဖွံ့ဖြိုး တိုးတက်စေရေးအတွက် စနစ်ကျသည့် မြို့ပြစီမံကိန်းလုပ်ငန်းများဖြင့် အလေးထားဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်အစိုးရမှ မြို့ကြီး ၅ မြို့တွင် တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများတွင် မြေတန်ဖိုးကို ထည့်သွင်းတွက်ချက်ခြင်းမပြုဘဲ ဈေးနှုန်း သက်သာစွာ ရောင်းချပေးရန် နိုင်ငံတော် သမ္မတမှ ညွှန်ကြားထားသည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ဖြေကြားထားကြောင်း စက်တင်ဘာ ၁ရက်ထုတ် 7 day သတင်းစာတွင်ဖော်ပြထားသည်။

သို့သော် အစိုးရမှ တန်ဖိုးနည်းအိမ်ရာများကို လူထုလက်လှမ်းမီနိုင်သည့် ဈေးနှုန်းများဖြင့် ရောင်းချရန် အကောင်အထည်ဖော်နေသော်လည်း လက်လုပ်လက်စား အခြေခံလူတန်းစားများအနေဖြင့် သတ်မှတ် ဈေးနှုန်းကို ၀ယ်ယူနိုင်ရန် မလွယ်ကူသောကြောင့် ရောင်းချမည့်အစား ငှားရမ်းသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ အမတ် ဒေါက်တာညိုညိုသင်းက ဆိုသည်။

No comments: