Friday, September 12, 2014

ကုလ အဆင့်မြင့်အရာရှိ ရခိုင်ပြည်နယ်ကို ၃ ရက်ခရီး သွားရောက်ခဲ့

နော်နိုရင်း

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီးစဉ် (ယူအန်ဒီပီ) ရဲ့ လက်ထောက်အတွင်းရေးမှူး ဟွာလိုင်းရင်း ရှု (Haoliang Xu) ရခိုင်ပြည်နယ်ကို စက်တင်ဘာ ၉ ရက်နေ့ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ၊ လူမှုအဖွဲ့အစည်းတွေ၊ ရခိုင်နဲ့ ဘင်္ဂလီဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာခဲ့တယ်လို့ ရခိုင်ပြည်နယ်ပြန်ကြားရေးအဖွဲ့ဝင် ဦးဝင်းမြိုင်က ပြောပါတယ်။

“သူတို့ ခရိုင်အစိုးရအဖွဲ့နဲ့ တွေ့တယ်။ ဒုက္ခသည်စခန်း ၂ ဘက်လုံးကိုသွားတယ်။ တံတားဆောက်ဖို့ နေရာ သွားကြည့်တယ်။ အဲဒီလောက်ပါပဲ။ ဦးဥတ္တမ ခန်းမမှာ သူတို့ အစိုးရအဖွဲ့နဲ့ ညမှာ တွေ့ကြတယ်။”

မနေ့ စက်တင်ဘာ ၁၀ ရက်နေ့မှာတော့ အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေး စင်တာ (အီးစီစီ) အဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုအတွင်း ပြောဆိုဆွေးနွေးချက်တချို့နဲ့ ပတ်သက်ပြီး အီးစီစီအဖွဲ့ဝင် ဦးသန်းထွန်းက အခုလို ရှင်းပြပါတယ်။

“သူလာရောက်တဲ့ ကိစ္စဟာ ကမ္ဘာ့မျက်နှာစာမှာ ရခိုင်တွေနဲ့ အစိုးရကို မကောင်းတဲ့အမြင်တွေနဲ့ ပုံဖော်ခြင်း ခံရနေရတယ်။ အဲဒါတွေ တကယ်ဟုတ်တယ် မဟုတ်ဘူးဆိုတာ လာရောက်လေ့လာတယ်။ နောက်တခုက မတူကွဲပြားချက်တွေကို ဘယ်လို ပေါင်းစည်းပြီးတော့ ဘယ်လို ဖွံ့ဖြိုးမှုလုပ်နိုင်မလဲဆိုတာ လာကြည့်တယ်။ နောက်တချက်က လူသားချင်းစာနာမှု ဆိုင်ရာ အထောက်အပံ့တွေကို အစိုးရနဲ့ ညှိနှိုင်းပြီးတော့ ၂ ဘက် အသိုင်းအ၀ိုင်းကို မျှမျှတတ ပံ့ပိုးကူညီပေးမယ်။ ဒါပေမယ့် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေကို တော့ ရခိုင်တိုင်းရင်းသားတွေဘက်ကို ဦးစားပေးဆောင်ရွက် သွားမယ်ဆိုတဲ့အကြောင်း သူပြောတယ်။ နောက်တချက်က ယူအန်အိပ်ခ်ျစီအာရ်ဆိုတဲ့အဖွဲ့က ၁၉၉၄ ခုနှစ်ကတည်းက ရခိုင်ပြည်နယ် မြောက်ပိုင်း အထူးသဖြင့် မောင်တောနယ်မှာ ဘင်္ဂါလီတွေကိုပဲ ပံ့ပိုးကူညီပေးနေတယ်ဆိုတာကို သူ မငြင်းနိုင်ပါဘူး၊ မငြင်းလိုပါဘူးလို့ ပြောတယ်။ ဒါပေမယ့် သူပြောတဲ့အထဲမှာ တချို့ အစ္စလာမ် မွတ်စလင်အသိုင်းအ၀ိုင်းက မဟုတ်တမ်းတရမ်း ဓာတ်ပုံတွေကို ပြပြီးတော့ မွတ်စလင်တွေကို သနားစဖွယ်ဖြစ်အောင် နိုင်ငံတကာမှာ ပုံဖော်နေကြတာကို သူသိရှိရတယ်လို့ အဲဒါသူကိုယ်တိုင် နုတ်က ပြောတဲ့ စကားပါ။ ”


ဒါအပြင် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့သွားမှာဖြစ်ပြီး ဖြစ်ပေါ်နေတဲ့ နှစ်ဘက် ပဋိပက္ခတွေအကြား ညိုနှိုင်းပြီး ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်းသွားခဲ့တယ်လို့ ပြောပါတယ်။

ဟွာလိုင်းရင်းရှု အနေနဲ့ ယူအန်ဒီပီက အကူအညီပေး လုပ်ဆောင်နေတဲ့ အုန်းရေပေါ် ကျေးရွာကိုလည်း သွားရောက် လေ့လာခဲ့သလို မြောက်ဦးမှာရှိတဲ့ ဘင်္ဂလီဒုက္ခသည်စခန်းတွေဆီကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

ဒီကနေ့မှတော့ ရခိုင်ပြည်နယ်ခရီးစဉ်ကို အဆုံးသတ်ပြီး ဗဟိုအစိုးရတာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ သွားရောက် တွေ့ဆုံဖို့ ရှိနေပါတယ်။

No comments: