သီဟကိုကို
ပြည်တွင်း လိုအပ်ချက်များနေခြင်းကြောင့် သင်္ဘောဖြင့် ရေနံဓာတ်ငွေ့ရည် (LPG)ကို ယခုနှစ်အတွင်း ပုဂ္ဂလိကပိုင်းက ပထမဆုံးအကြိမ် တင်သွင်းခဲ့သည်ဟု စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လုပ်ကိုင်ခွင့်ပြုထားသည့် ကုမ္ပဏီငါးခုက စုပေါင်းကာ ရေနံဓာတ်ငွေ့ရည် မက်ထရစ်တန် ၁,၇၈၀ ကို သင်္ဘောဖြင့် သြဂုတ် ၂၃ ရက်တွင် တင်သွင်းလာခဲ့ခြင်းဖြစ်သည်။
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “ရေနံ ဓာတ်ငွေ့ရည် လိုအပ်ချက်ရှိနေလို့ ကုမ္ပဏီတွေ စုပြီးတင်သွင်းလာတာပါ။ အမြဲတော့မသွင်းဖြစ်ပါဘူး။ ပြည်တွင်းကလည်း ထုတ်နေတာပဲ။ ရှိတာနည်းသွားလို့ သွင်းဖြစ်တာပါ”ဟု ပြောသည်။
ရေနံဓာတ်ငွေ့ရည် တန် ၁,၇၈၀ ကို မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်)ရှိ ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်များတွင် ထားရှိသွားမည်ဖြစ်ပြီး ဈေးကွက်အတွင်းသို့ ဆက်လက် ဖြန့်ဖြူးပေးမည်ဖြစ်သည်။
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်တွင် မင်းဘူး၊ ညောင်တုန်း၊ ကျွန်း ချောင်းနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံ သုံးရုံရှိပြီး စက်ရုံများမှ တစ်ရက်လျှင် ရေနံဓာတ်ငွေ့ရည် ၄၁ တန် ထုတ်လုပ်လျက်ရှိသည်။
ရေနံထွက်ပစ္စည်းများ တင်သွင်း၊ သိုလှောင်၊ သယ်ယူ၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလိုင်စင်ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ Infinite Benevolence Trading Co.,Ltd.၊ Universal Energy Co., Ltd.၊ Asia World Co., Ltd.၊ Myanmar Liquefied Petroleum Co., Ltd.၊ Standard Family Co., Ltd.၊ Yuan Yuan Co., Ltd. တို့ကို ခွင့်ပြုပေးထားခြင်းဖြစ်သည်။
ရေနံဓာတ်ငွေ့ရည် ပြောင်းလဲတပ်ဆင်ခြင်းနှင့် အရောင်းဆိုင်ဖွင့်လှစ်ခြင်း၊ ရေနံဓာတ်ငွေ့ရည် ဆလင်ဒါများ ဖြန့်ဖြူးရောင်းချခြင်းများကို မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းက ပုဂ္ဂလိကကို ခွင့်ပြုပေးနေသည်။
No comments:
Post a Comment