Monday, September 22, 2014

မသန်စွမ်းသူများ အလုပ်ရရန် အစိုးရမှာ တာဝန်ရှိသူဟု ဒေါ်အောင်ဆန်းစုကြည်ကပြော

ဇာနည်အောင်

မသန်စွမ်းသူများ အလုပ်အကိုင် ရရှိစေရန် အစိုးရတွင် တာဝန်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၂၁ရက်က ကျင်းပသည့် မြန်မာနိုင်ငံ မသန်စွမ်းသူများ လုပ်ငန်းခွင် ဝင်ရောက်နိုင်ရေးနှင့် နည်းပြများ မွေးထုတ်ပေးနိုင်ရေး မိတ်ဆက်ညီလာခံသို့ သ၀ဏ်လွှာပေးပို့ ပြောကြားခဲ့သည်။

အဆိုပါ ညီလာခံကို စက်တင်ဘာ ၂၁ရက်က ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာတွင် ပြုလုပ်ခဲ့ပြီး မသန်စွမ်းအဖွဲ့စည်းပေါင်း ၂၅ဖွဲ့ ကျော်မှ ကိုယ်စားလှယ် ၁၅၀ကျော် တတ်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် မသန်စွမ်းသူများ ဘဝ အမှိခိုကင်းစွာ ရပ်တည်နိုင်ရေး အတွက် အလုပ်ကိုင်များစွာ ဖန်တီးပေးရန် လိုအပ်ကြောင်း၊ သာမန်လူများပင် အလုပ်အကိုင်ရှားပါးနေသော ခေတ်ကာလ၌ မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးမှာ အထူးပြောစရာမလိုကြောင်း၊ မသန်စွမ်းသူများ အလုပ်အကိုင် ရရှိစေရန် အစိုးရတစ်ရပ်လုံး တာဝန်ရှိကြောင်း၊ အခြားနိုင်ငံများတွင် မသန်စွမ်းသူများ အလုပ်ကိုင်ရရှိစေရန် အထူးအစီစဉ်များ ချမှတ်၍ လုပ်ကိုင်နေကြောင်း၊ ယခုအချိန် တွင် အစိုးရ၊ ပုဂ္ဂလိက၊ ကိုယ်ပိုင်အလုပ်စသည်တို့တွင် မသန်စွမ်းသူများ ရပ်တည်လုပ်ကိုင်နိုင်စေရန် နိုင်ငံတော်အစိုးရမှ လုပ်ပေးရမည်ဖြစ်ကြောင်း၊ လက်တွေ့ကျသော အလုပ်အကိုင်မျိုး များစွာ ဖန်တီး ပေးရန်နှင့် ထိရောက်စွာ ပံ့ပိုးပေးရန်လိုအပ်ကြောင်း ညီလာခံသို့ သ၀ဏ်လွှာပေးပို့ ဖတ်ကြားခဲ့သည်။

ပြင်ဦးလွင်မြို့ ပရဟိတ မျက်မမြင်ပညာသင်ကျောင်း ဦးမျိုးမြတ်ဦးက “မသန်စွမ်းသူတွေ အလုပ်ရစေဖို့ အစိုးရတစ်ရပ်လုံးမှာ တာဝန်ရှိပါတယ်။ မသန်စွမ်းသူတွေကလည်း လိုအပ်တဲ့ သင်တန်းတွေ တတ်ရောက်ထားသင့်တယ်။ မသန်စွမ်းသူများ အားလုံးနဲ့ ကိုက်ညီစေမယ့် အလုပ်အကိုင်ဖြစ်စေဖို့ အဓိက အကျဆုံးပါပဲ"ဟု ပြောသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်က “ မသန်စွမ်း အလုပ်ခန့်ဖို့ မသန်စွမ်းသူတွေရဲ့ အရည်သွေးမြင့် ထားဖို့လိုပါတယ်။ ဝန်ကြီးဌာန က အလုပ်ရရှိရေး စီမံချက်တွေ ချပြီးလုပ်ပေးသွားပါမယ်’’ဟု ပြောသည်။

No comments: