ဖနိဒါ
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ခမ်နဂါး(နဂါးခမ်းတန်) ကျေးရွာအပိုင်တွင် စက်တင်ဘာလ ၃ ရက် နံနက် ၆ နာရီက စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PNLO ၏ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသော နေရာသည် RCSSနှင့် PNLOတို့ နယ်မြေအငြင်းပွားမှု ဖြစ်နေသည့် နောင်တောင်ဂီကျေးရွာအပိုင် နေရာဖြစ်သည်။ ထိုနေရာတွင် PNLOက ဖွံ့ဖြိုးရေး စီမံကိန်းလုပ်နေသည့်အတွက် PNLO အဖွဲ့ဝင်များ သြဂုတ် ၈ရက် နောက်ဆုံးထားထွက်ပေးရန် RCSSက သြဂုတ် ၁ရက်က စာပေးပို့ထားခဲ့သည်။ ထို့ပြင် သြဂုတ် ၁၅ရက်ကလည်း ထပ်မံ အကြောင်းကြားခဲ့သည်ဟု သိရသည်။
"ဒီမနက် ၆ နာရီမှာ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ ရှိတဲ့ နေရာကို RCSSက လာတိုက်တာ"ဟု ခွန်မြင့်ထွန်းက ပြောသည်။
တိုက်ပွဲမှာ နံနက် ၁၁နာရီခန့်တွင် ပြီးဆုံးခဲ့ပြီး နှစ်ဖက်ကျဆုံးမှု ရှိသည်ဟု ၎င်းက ဆိုသည်။ သို့သော် စာရင်းအတိအကျမူ မသိရသေးပေ။
မောက်မယ်မြို့နယ် ကဒိုးကြီးဒေသတစ်ခွင်တွင် PNLO ၏ အခြေပြုလှုပ်ရှားနယ်မြေအဖြစ် အစိုးရနှင့် ပြည်ထောင်စုအဆင့် သဘောတူညီမှုအရ သတ်မှတ်ထားပြီး နယ်စပ်ဒေသများ၌လည်း လှုပ်ရှားမှုများကိုအစိုးရထံ နုတ်အားဖြင့် ကတိထားရှိသည်ဟု ခွန်မြင့်ထွန်းက ဆိုသည်။
RCSS မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ၏ အတွင်းရေးမှူး ဒု-ဗိုလ်မှူးကြီး စိုင်ငင်းကမူ "အခုဖြစ်နေတာက ကျွန်တော်တို့ RCSS ရဲ့ ထိန်းချုပ်နယ်မြေပါ။ ဒါပေမဲ့ အဲဒီနယ်မြေမှာ PNLO က တပ်စခန်းတွေ လာဆောက်တယ် ဆိုတော့ ကျွန်တော်တို့နဲ့ နယ်မြေအငြင်းပွားမှုဖြစ်တာပေါ့။ အဲဒီနေရာကို အစိုးရနဲ့ PNLO က တွေ့တဲ့အချိန်မှာ PNLO ရဲ့အုပ်ချုပ်ရေးနယ်မြေလို့ သတ်မှတ်ပေးလိုက်တယ် ထင်တယ်"ဟု မဇ္ဈိမကိုပြောသည်။
နှစ်ဖက် ပဋိပက္ခ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး RCSS နှင့် PNLO ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှု မရှိသေးသော်လည်း သြဂုတ်လ ၂၃ ရက်က RCSS ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ် ယွက်စစ်က PNLO ဥက္ကဋ္ဌထံ လိပ်မူကာ စာပေးပို့ခဲ့သည်ဟု ခွန်မြင့်ထွန်းက ဆိုသည်။
ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်က PNLO အဖွဲ့ဝင် ၃ ဦးအား RCSS က လမ်းတွင် ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပြန်လွှတ်မပေးသေးဟု ၎င်းကဆိုသည်။ သို့သော် RCSSမှ ဒု-ဗိုလ်မှူးကြီး စိုင်းငင်းကမူ ဖမ်းဆီးထားခြင်းမဟုတ်ဘဲ PNLO ရဲဘော်သုံးဦးက RCSSထံ လာရောက်ပူးပေါင်းသည်ဟုသာ ဆိုသည်။
ယင်း ပဋိပက္ခများနှင့် ပတ်သက်၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ညီလာခံသို့ တင်ပြခဲ့ပြီး UNFC ကလည်း ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ဆွေးနွေးဖြေရှင်းသွားမည်ဟု UNFC ၏ ဒုဥက္ကဋ္ဌ (၁) နိုင်ဟံသာက ပြောသည်။
အစိုးရနှင့် သဘောတူညီချက်အရ လုပ်ဆောင်ထားခြင်းဖြစ်သောကြောင့် ယခု ဖြစ်ပွားနေသော ပဋိပက္ခနှင့် ပတ်သက်၍ အစိုးရဘက်မှ တစ်စုံတစ်ရာ ဆောင်ရွက်ပေးရမည် ဖြစ်ပြီး ၎င်းတို့ လှုပ်ရှားနယ်မြေမှ ဆုတ်ခွာမည် မဟုတ်ဟုလည်း ခွန်မြင့်ထွန်းက ပြောသည်။
PNLO ကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ခေါင်းဆောင်အချို့ အစိုးရထံ လက်နက်အပ် အဖမ်းခံခဲ့သည်။ ၁၉၆၆ ခုနှစ် ဗိုလ်ချုပ်စံသိန်း ဦးဆောင်ကာ PNLO ကို ပြန်လည် ဖွဲ့စည်းလိုက်သည်။ ၂၀၀၉ ခုနှစ်တွင် ပအိုဝ်းအဖွဲ့အစည်း၊ လူငယ်များ စုစည်းကာ ညီလာခံကျင်းပပြီး PNLO ပြန်လည် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment