ကျော်စွာဝင်း
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်း၌ တညင်းကုန်းမှ မလွှကုန်းအထိ လုပ်ဆောင်ရာတွင် ကန်ဒေါ်လာသန်း ၇၀၀ ခန့်ကုန်ကျရန် မျှော်မှန်းထားသည်ဟု မြန်မာ့မီးရထားမှ အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောကြားသည်။
“တညင်းကုန်း၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ ရန်ကုန်ဘူတာကြီး၊ မလွှကုန်းမြို့ပတ် ရထားလမ်းပိုင်းတွေကို အဆင့်မြှင့်တင်မှုတွေ လုပ်မယ်။ ဒီစီမံကိန်းလုပ်ဖြစ်ရင် ဒီလောက်ငွေပမာဏ ကုန်ကျနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်” ဟု ဦးထွန်းအောင်သင်းက စက်တင်ဘာ ၂၃ ရက်က ယုဇနဂါးဒင်းဟိုတယ်တွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စီမံကိန်းတွင် သံလမ်း၊ ရထားလမ်း အဆင့်မြှင့်တင်ခြင်း၊ တာဘောင်ပြုပြင်ထိန်းသိမ်းခြင်း၊ လမ်းအဖြောင့် ဆွဲခြင်း၊ ကားလမ်းကူးဂိတ်တံခါးများကို အလိုအလျောက်စနစ်ဂိတ်တံခါးအဖြစ် ပြောင်းလဲခြင်း၊ ဘူတာရုံ အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။
ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်း လုပ်ကိုင်နေသည့် E-Guard မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးသီဟက “ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်း အပြီးသတ်အခြေအနေ ရောက်ရှိနေပါပြီ။ ဂျိုက်ကာရဲ့ ပတ်ဝန်းကျင်နဲ့ လူမှုရေးရာ ထည့်သွင်းစဉ်းစားမှု ဆိုင်ရာလမ်းညွှန်ချက်နဲ့ ရွှေ့ပြောင်းနေရာချထားမှုတွေ လုပ်ပေးမယ့် အစီအစဉ်တွေရှိတယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးကို မြန်မာ့မီးရထားဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ (JACA Study Team) တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်မှစတင်ကာ၂၀၁၈ ခုနှစ်အရောက်တွင် မြန်နှုန်းမြင့် ရထားများ၊ အဆင့်မြင့်ဘူတာရုံများ၊ ဘူတာရုံတွင် ဈေးဝယ်စင်တာများ ပါဝင်လာမည် ဖြစ်သည်။
မီးရထားလမ်း အဆင့်မြှင့်တင်မည့် လမ်းတစ်လျှောက်ရှိ ဆူးလေဘုရားလမ်း၊ ဘုရားလမ်း၊ လမ်းမတော်၊ ပြည်လမ်း၊ ခရေပင်လမ်း၊ ရှမ်းလမ်း၊ အလုံလမ်း၊ ဟံသာဝတီလမ်း၊ လှည်းတန်းလမ်း၊ ပါရမီလမ်း၊ သိမ်ဖြူ လမ်း စုစုပေါင်း ခုံးကျော်တံတား ၁၁ ခုကို အသစ်ပြန်လည်တည်ဆောက်သွားမည်။
ရထားလက်မှတ်များကိုလည်း စမတ်ကတ်များဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ရထားလမ်း အဆင့်မြှင့်တင် နေစဉ်ကာလအတွင်း မြို့ပတ်ရထားများကို ပုံမှန်ပြေးဆွဲနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။
ထို့အတူ ရထားလမ်းပိုင်း အဆင့်မြှင့် တင်ပြီးလျှင် ပုံမှန်အမြန်နှုန်း ပျမ်းမျှ မိုင် ၃၀ နှုန်းမှ အမြန်ဆုံး မိုင် ၈၀ အထိ ပြေးဆွဲနိုင်ရန် စီစဉ်ထားသည်။
ထို့အပြင် ကားလမ်းကူးဂိတ်တံခါးများကိုလည်း အလိုအလျောက် အပိတ်အဖွင့်စနစ်များဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး လျှပ်စစ်ရထားများကိုလည်း ထည့်သွင်းပြေးဆွဲနိုင်ရန် မြန်မာ့မီးရထားက စီမံကိန်းချမှတ်ထားသည်။
လမ်းတစ်လျှောက်လုံးတွင် ထိခိုက်မည့် အဆောက်အအုံ ၅၄ ခုနှင့် ထိခိုက်သော လူပုဂ်္ဂိုလ် ၁၂၉ ဦးတို့မှာ လုံးဝပြောင်းရွှေ့ပေးရမည်ဖြစ်ပြီး ရထားလမ်းအဆင့်မြှင့်တင်စဉ် အတောအတွင်းသာ အဆောက်အအုံ ၈၉ ခု နှင့် လူ ၁၄၈ ဦးတို့ ပြောင်းရွှေ့ပေးရန် စာရင်းကောက်ယူထားပြီး ဖြစ်သည်ဟု ဦးအေးသီဟက ဆိုသည်။
No comments:
Post a Comment