ခင်မြတ်မြတ်ဝေ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မြို့မှ လယ်ယာကိစ္စ အငြင်းပွားမှုကြောင့် ဖမ်းဆီးထားသည့် လယ်သမားများ၏ မိသားစုဝင် အမျိုးသမီး အယောက် ၃၀က ဖမ်းဆီးခံ လယ်သမားများ လွတ်ရန် အပါအဝင် အချက် ၆ချက်ဖြင့် စက်တင်ဘာ ၅ရက်က မြော်ကင်းလမ်းမှ ဆန်းချီးလမ်းတစ်လျောက် နံနက် ၉နာရီမှ စတင် ဆန္ဒပြခဲ့သည်ဟု ထားဝယ်မြို့နယ် ရဲစခန်းမှ တာဝန်မှူးက မဇ္ဈိမကို ပြောသည်။
ထားဝယ်မြို့ မြော်ကင်းလမ်းရှိ လယ်သမား အယောက် ၅၀ အလုပ်လုပ်သည့် မြေဧက ၃၀၀ပေါ်တွင် S-22 ဆောက်လုပ်ရေးကုမ္ပဏီ နှင့် မြို့နယ် မြေတိုင်းဦးစီးဌာနက အုတ်တံတိုင်းများခတ်ကာ မြေကွက်ရိုက်ရာမှ ဇွန်လအတွင်းက အငြင်းပွားကာ လယ်သမား ၁၀ဦးအား တရားစွဲဆို၍ ဇူလိုင်လအတွင်းက ထောင်ဒဏ်များ ချမှတ်လိုက်သည်။
"အခုလက်ရှိမှာက လယ်ထဲမှာ အမျိုးသမီးတွေပဲလုပ်စားနေရတယ် အဒါကြောင့် သူတို့ဇနီး၊ သမီးတွေက ဆန္ဒပြသွားမှာပါ"ဟု ဆန္ဒပြ တောင်းဆိုသူ မရီရီထွေးက မဇ္ဈိမကို ပြောသည်။
ဆန္ဒပြရာတွင်လည်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မတရားဖမ်းဆီးခံထားရသည့် လယ်သမားအားလုံး လွှတ်ပေးရေး၊ လယ်ယာမြေသိမ်းဆည်းမှုများ ရပ်ပေးရန်၊ သိမ်းဆည်ခံ လယ်မြေများအား ပြန်လည်ရရှိရန် အပါအဝင် အချက် ၆ချက်ဖြင့် တောင်းဆို ဆန္ဒပြခဲ့သည်။
အငြင်းပွားမှုတွင် လယ်သမား အမျိုးသား ၁၀ဦးနှင့် အမျိုးသမီး ၉ဦး ပါဝင်ခဲ့ပြီး အမျိုးသား ၁ဝ ဦးကို ထောင်ဒဏ် ၃ လမှ ၉ လခွဲအထိ အသီးသီး ချမှတ်လိုက်ပြီး အမျိုးသမီး ၉ ဦးကို ငွေဒဏ် တစ်သောင်းကျပ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ လယ်သမား ဦးဂျွန်လွင်ကို ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ၃၅၃၊ ရိုက်နှက်မှု ပုဒ်မ (၃၂၃)၊ ဆဲဆိုမှု ပုဒ်မ(၂၉၄)တို့ဖြင့် ထောင်ဒဏ်၉လ နှင့် ၁၅ရက်၊ လယ်သမား ဦးသောင်းညွန့်ကို ပုဒ်မ(၃၅၃)၊(၂၉၄)ဖြင့် ထောင်ဒဏ်၆လ၊လယ်သမားအရေးဆောင်ရွက်သူ ကိုထွန်းထွန်းဝင်း အပါအဝင် လယ်သမား၈ဦးအား ပုဒ်မ(၂၉၄)အရ ထောင်ဒဏ်၃လ ချမှတ်ခဲ့သည်။
ထားဝယ်မြို့ မြော်ကင်းလမ်းရှိ လယ်သမား အယောက်၅ဝခန့် လုပ်ကိုင်နေသော လယ်မြေဧက ၃ဝဝတွင် S-22ဆောက်လုပ်ရေးကုမ္ပဏီနှင့် မြို့နယ်မြေတိုင်းဦးစီးဌာနက တာဝန်ရှိသူများက ပေ၄ဝ×၆ဝ မြေကွက်များ မ ၁ရက်က လာရောက်ရိုက်မှုရာမှ အငြင်းပွားမှု စတင်ခဲ့သည်။
လယ်သမားများ၏ လယ်မြေများကို အစိုးရက သိမ်းဆည်းထားပြီး လယ်မြေဧက ၃ဧကလျင် ပေ၄ဝx ပေ၆ဝ အကွက်တစ်ကွက် ပြန်လည်ပေးလျောက်ခြင်း ဖြစ်သည်။ ယင်းသို့ ပေးလျော်မှုကို လယ်သမားများက လက်မခံ၍ အငြင်းပွားမှုဖြစ်ခဲ့သည်။
အဆိုပါလယ်မြေများတွင် လုပ်ကိုင်နေသည့် လယ်သမားများသည် လယ်ခွန်ပြေစာများဖြင့် နှစ်စဉ် အခွန်ဆောင်၍ လုပ်ကိုင်နေကြပြီး၊ ၂ဝ၁၃ခုနှစ်တွင် လယ်ယာမှတ်ပုံအသစ် တင်မည်ဟု မြေစာရင်းဌာနသို့ သွားရောက်မှတ်ပုံတင်မှသာ မိမိတို့လယ်မြေများကို ၁၉၉ဝခုနှစ်က ကတည်းက သိမ်းဆည်းထားကို သိရှိခဲ့ရသည်ဟု လယ်သမားများက ဆိုသည်။
No comments:
Post a Comment