စည်သူမောင်မောင်
ပုသိမ်မြို့၊ တစ်ဖက်ကမ်း၊ အမှတ် ၉ရပ်ကွက်တွင် အသက် ၆၇နှစ်အရွယ် ဦးသန်းရွှေဆိုသူမှာ လမ်းထလျှောက်ရင်း လမ်းပေါ်တွင် ပြုတ်ကျနေသည့် လျှပ်စစ်ဓာတ်ကြိုးမှ ဓာတ်လိုက်ကာ သေဆုံးမှု စက်တင်ဘာ ၇ရက် နံနက် ၅နာရီခန့်က ဖြစ်ပွားခဲ့သည်။
“အဖေ လမ်းဘေးကကပ်လျှောက်တာပါ၊ ညက မိုးတွေလေတွေတိုက်ပြီးတော့ ကမ်းနားက မန်းကျည်းပင် ကျိုးကျတော့ ကမ်းနားဘက်က ဓါတ်တိုင်ကျိုးပြီးတော့ အခုဖြစ်တယ်နေရာမှာ ဓါတ်ကြိုးပြတ်ပြီး လမ်းဘေးရောက်နေတယ်”ဟု ဓါတ်လိုက်သေဆုံးသည့် ဦးသန်းရွှေ၏သား ကိုဖိုးဇော်က မဇ္ဈိမကို ပြောသည်။
ဦးသန်းရွှေ ဓာတ်လိုက်သေဆုံးသည့် နေရာမှာ ပုသိမ်မြို့ တစ်ဖက်ကမ်း၊ အမှတ် ၉ရပ်ကွက် မြ၀တီလမ်းနှင့် မြ၀တီရေဆင်းလမ်းဆုံရာ နေရာတွင် သေဆုံးခဲ့ပြီး မြ၀တီရေဆင်းလမ်းနှင့် ကမ်းနားလမ်းကို သွယ်တန်းပို့လွှတ်သည့် ဓါတ်ကြိုးပြတ်ဖြစ်သည်။၊ သေဆုံးမှုအတွက် ပုသိမ်မြို့၊သဘောင်္ကျင်းစခန်းမှာ (ပ) ၁၀/၂၀၁၄ သေမှုသေခင်းဖြင့် ဖွင့်လှစ်ထားကြောင်း ရဲစခန်းမှ သိရသည်။
“အဲဒီည လေတိုက်တော့ မြစ်ကမ်းဘေးက မန်းကျည်းပင်လဲကျပြီး ဓါတ်ကြိုးအပေါ် ပိတော့ အနားဓါတ်တိုင် နှစ်တိုင် ကျိုးသွားတယ်၊ ကြိုးတွေ အိပြီးတော့ အခုဖြစ်တဲ့နေရာက လျှပ်စစ်ပေးတဲ့ကြိုးပြတ်သွားတာပါ၊ သူလမ်းလျှောက်လာရင်း ဖြစ်သွားတာပါ၊ အခု သေဆုံးမှုအတွက် သက်ဆိုင်ရာကို ဆက်လက် တင်ပြထားပါတယ်”ဟုပုသိမ်မြို့ လျှပ်စစ်ဌာနမှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ယခုနှစ်အတွင်း ဓာတ်ကြိုးပြတ်ကျမှုကြောင့် ရန်ကုန်တိုင်းအတွင် သေဆုံးသူ ခြောက်ဦးထိရှိခဲ့ပြီး ၂၀၁၄ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ရှစ်လအတွင်း သေဆုံးသူ ၅၅ဦးရှိခဲ့သည်။
No comments:
Post a Comment