Wednesday, September 3, 2014

ရန်ကုန်ဆေးရုံကြီးတွင် ဓာတ်မှန်၊ ဓာတ်ခွဲမှု ခုနစ်မျိုး အခမဲ့ကုသမှု စတင်

နန်းမြင့်၊ ထွန်းကိုကို

ရန်ကုန်ဆေးရုံကြီး အရေးပေါ်နှင့် ပြင်ပလူနာဌာနက အခြေခံဓာတ်ခွဲစမ်းသပ်မှု ခုနစ်မျိုးနှင့် ဓာတ်မှန်စမ်းသပ်မှု(ပုံရိပ်ဖော်) သုံးမျိုးကို စက်တင်ဘာ ၁ ရက်မှ စတင်ကာ ၀န်ဆောင်မှု အခမဲ့ပေးနေပြီဖြစ်ကြောင်း အရေးပေါ်နှင့် ပြင်ပလူနာဌာနဆေးရုံအုပ် ဒေါက်တာပပက မဇ္ဈိမကို ပြောသည်။

“ဓာတ်မှန်၊ အာထရာဆောင်း၊ ပုံရိပ်ဖော် ဓာတ်မှန်၊ ကွန်ပျူတာ ဓာတ်မှန်၊ ရိုးရိုး ဓာတ်မှန်တွေကို အတွင်းလူနာတွေအတွက်ပါ အခမဲ့လုပ်ပေးနေပါတယ်။ အခြေခံဆေးဝါးတွေလည်း အခမဲ့ပေးသွားပါမယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်ဆေးရုံကြီး နေ့စဉ်ပြင်ပလူနာဌာနသို့ ၂၀၀ ဦး မှ ၂၅၀ ဦး၊ ထိုအထဲမှ ဆေးရုံတက်လူနာ ၁၈၀ ဦး မှ ၂၀၀ ဦးကြားရှိသည်ဟု ၎င်းကဆိုသည်။

ပြင်ပလူနာဌာနသို့ လာရောက်ပြသသည့် ဒဂုံမြို့သစ်မြောက်ပိုင်းမှ အသက် ၃၀ ကျော် လေဖြတ်နေသည့် အမျိုးသားနှင့် လိုက်ပါလာသူ အိမ်နီးချင်း အမျိုးသမီးကြီးက “အရင်ကဆိုရင် လာပြတာနဲ့ စာအုပ်က ၅၀၀ ပေးရတယ်။ သွေးစစ်တော့မယ်ဆိုလည်း ဘောင်ချာမှာ ပိုက်ဆံရှင်းပြီးမှ စစ်ပေးတယ်။ အခုတော့ ဘာမှမပေးရဘူး”ဟု ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှ လည်ပင်းကြီးရောဂါ လာရောက်ပြသနေသည့် အသက် ၅၀ ၀န်းကျင်ရှိ အမျိုးသားကြီးက “ကျွန်တော်ကတော့ ပြီးခဲ့တဲ့လက လာပြတုန်းကလည်း သွေးစစ်တာ ၇,၀၀၀ ပေးရတယ်။ အခုလည်း သတင်းစာမှာ အခမဲ့လို့ ကြေညာထားတာ သိပေမယ့် သွေးစစ်ခ ၇,၀၀၀ ပေးရတယ်။ ဖြစ်နိုင်မယ်ဆိုရင် အခမဲ့လို့ ကြေညာထားတဲ့အတွက် အခမဲ့ဖြစ်စေချင်တယ်”ဟု ပြောသည်။

ဆေးရုံကြီးတွင် အရေးပေါ်ဌာနသို့ ရောက်ရှိလာသော လူနာများကိုသာ သတ်မှတ်ထားသည့် အခမဲ့ဝန်ဆောင်မှုများကို ပေးသွားမည်ဖြစ်သည်။ အတွင်းလူနာများအတွက်ကိုမူ အပတ်စဉ် စီစဉ်မှု စာရင်းများအလိုက် အခမဲ့ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာပပက ပြောသည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်ဆေးရုံကြီး၏ အသုံးစရိတ်အားလုံးအတွက် ကျပ်သိန်း ၃၈,၅၅၀ သုံးမည်ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးတွင် အထူးကုဌာနပေါင်း ၂၄ ခုရှိပြီး အထူးကုဌာနများအလိုက် ဆေးဝါးအခမဲ့ဝန်ဆောင်မှုကို လုံလောက်စွာ ပေးနိုင်ဦးမည်မဟုတ်ဟုလည်း ဆေးရုံအုပ် ဒေါက်တာပပ က ဆိုသည်။ လက်ရှိ အထူးကုအရေးပေါ်ဌာနများတွင် စရိတ်မျှပေး ကျန်းမာရေးစနစ်ကို ကျင့်သုံးနေဆဲပင် ဖြစ်သည်။

No comments: