Sunday, September 21, 2014

ဖြူနှင်းထွေး လွတ်ငြိမ်းခွင့်ရရန် အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်မှ တစ်ဆင့် တောင်းဆိုမည်

ယုဝေ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ရာတွင် ပါဝင်သည်ဟုဆိုကာ မုံရွာအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသူ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဖြူနှင်းထွေး လွတ်ငြိမ်းခွင့်ရရန် အမျိုးသမီးငြိမ်းချမ်းရေး ဖိုရမ်သို့တက်ရောက်လာသည့် အမျိုးသမီးများက လက်မှတ်ထိုး၍ တောင်းဆိုသွားရန် မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက် ကွန်ယက်ရေးရာတာ ၀န်ခံ ဒေါ်မြင့်မြင့်အေးက ဖိုရမ်တွင် တောင်းဆိုလိုက်သည်။

စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ Excel Tower Hotel တွင်ပြုလုပ်သည့် အမျိုးသမီး ငြိမ်းချမ်းရေးဖိုရမ် အမေးအဖြေ ကဏ္ဍတွင် ယင်းကဲ့သို့ ထည့်သွင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဒေါ်မြင့်မြင့်အေးက “ဖြူနှင်းထွေးကို အခုအချိန်မှ ဘာလို့လုပ်တာလဲပေါ့။ အမှန်ဆိုရင် ပတ်သက်တဲ့ ရွာသားတွေတောင် လွတ်ပေးခဲ့ပြီး အခု ဖြူနှင်းထွေးကို စာမေးပွဲနီးမှ ဖမ်းသွားတယ်။ အဲ့ဒါကို ဒီကနေ လက်မှတ်ထိုးတောင်းဆိုသွားဖို့ ပြောတာပါ။ ပြီးရင် ဖိုရမ်က သက်ဆိုင်ရာ လူကြီးတွေကို သွားရောက်တောင်းဆိုမှာပါ”ဟု မဇ္ဈိမကို ပြောသည်။

မဖြူနှင်းထွေးကို အရေးယူဆောင်ရွက်ခြင်းသည် တက်ကြွလှုပ်ရှားသူများကို တောက်လျှောက်နှိမ်နင်းနေသည့် အစိုးရတစ်ရပ်၏ လုပ်ရပ်မျိုးဖြစ်နေ သည်ဟု ၄င်းက ဆက်လက် ပြောကြားသည်။

မဖြူနှင်းထွေးသည် လက်ပံတောင်းတောင်တွင် ကြေးနီထုတ်လုပ်နေသည့် ဝမ်ပေါင်ကုမ္ပဏီမှ တရုတ် နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲမှုတွင် ပါဝင်ပတ်သက်မှုဖြင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၆၄/ ၃၆၈ဖြင့် စက်တင်ဘာ ၁၅ ရက်က ယင်းမာပင်ခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခံခဲ့ရသည်။

အလားတူ မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက် ကွန်ယက်ရေးရာ တာဝန်ခံ ဒေါ်မြင့်မြင့်အေး ပေါင်းတည်ထောင်သို့ရောက်စဉ်ကာလက အမျိုးသမီးဖိုရမ်မှတစ်ဆင့် လွှတ်မြောက်ခွင့်တောင်းဆို လက်မှတ်ထိုးသည့် ဖြစ်ရပ်လည်း ရှိခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမျိုးသမီး ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက “အမျိုးသမီးဖိုရမ်မှာ တင်ပြလာတဲ့အချက်တွေ အားလုံးကိုစုစည်းပြီးတော့ သက်ဆိုင်ရာ အစိုးရဌာနတွေကို တင်ပြပေးပါ့မယ်။ လွှတ်တော်မှာလည်း တင်ပြပေးပါ့မယ်”ဟုဖိုရမ်တွင် ပြောကြား ခဲ့သည်။

အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်ကို အမျိုးသမီးများ၏ စွမ်းအားဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမည်ဟု ခေါင်းစဉ်ဖြင့် ပြုလုပ်နေခြင်းဖြစ်သည်။

ယင်းဖိုရမ်တွင် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့သော အမျိုးသမီးများကို ငြိမ်းချမ်းရေးဆု ပေးအပ်ခြင်း၊ မြန်မာနိုင်ငံ၏ စစ်မက်ပဋိပက္ခ ဖြစ်ပွားရာ ဒေသအသီးသီးရှိ တိုင်းရင်းသူများ၏ ရင်ဖွင့်သံများကို ကြားနာခြင်း၊ ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသမီးများ ပါဝင်မှုအားဝေမျှခြင်း ၊ ငြိမ်းချမ်းရေးအတွက် အနုပညာသရုပ်ဖော်ပြသခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ ဖိုရမ်ကို စက်တင်ဘာ ၁၉ရက်နှင့် ၂၀ရက်တွင် ကျင်းပမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (စက်တင်ဘာ ၂၁ ရက်)တွင် စုပေါင်း လမ်းလျှောက်ခြင်း ၊ အနုပညာ တေးဂီတများဖြင့် ဖျော်ဖြေခြင်း၊ ငြိမ်းချမ်းရေးမိုးပျံဘူပေါင်းများ လွှတ်ခြင်းများကို ပြုလုပ်မည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် စုပေါင်းလမ်းလျှောက်ခြင်းကို ပုလဲကွန်ဒိုရှေ့ မှ ကန်တော်ကြီး ပန်းဥယျာဉ်သို့  စက်တင်ဘာ ၂၁ရက် နံနက် ၉ နာရီမှ ၁၁နာရီ အထိလည်းကောင်း၊ အနုပညာ တေးဂီတများဖြင့်ဖျော်ဖြေခြင်း - ကန်တော်ကြီးပန်းဥယျာဉ်တွင် နေ့ လည် ၁ နာရီမှ ညနေ ၄ နာရီအထိ လည်းကောင်း ပြုလုပ်မည်ဖြစ်သည်။

No comments: