Saturday, September 20, 2014

စက်တင်ဘာလဝက်အတွင်း ဓာတ်လိုက်မှုကြောင့် နှစ်ရက်လျှင် ပျမ်းမျှလူတစ်ဦးနှုန်း သေဆုံး

ဖြိုးဝေလင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်လိုက်ခံရသဖြင့် လူသေဆုံးမှုမှာ စက်တင်ဘာလအတွင်း နှစ်ရက်လျှင် ပျမ်းမျှတစ်ဦးနှုန်းခန့် ရှိနေသည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံးက ထုတ်ပြန်သည့် မှုခင်းမှတ်တမ်းများ အရ မဇ္ဈိမ က တွေ့ရှိရသည်။

ယင်းသို့ ဓာတ်လိုက်သေဆုံးသူများထဲတွင် လျှပ်စစ်မီးသုံးစွဲသူများ၏ ပေါ့ဆမှုကြောင့် သေဆုံးမှုများရှိခဲ့သလို လမ်းမပေါ်တွင် သွယ်တန်းထားသည့် လျှပ်စစ်ဓာတ် အားပေးကြိုးများ၏ အရည်အသွေး ညံ့ဖျင်းမှုကြောင့် သေဆုံးမှုများလည်း ရှိခဲ့သည်။

စက်တင်ဘာလ၏ ပထမလ၀က်အတွင်း မြို့နယ်ကြီး ခုနစ်ခုတွင် ဖြစ်ခဲ့သည့် ဓာတ်လိုက်မှုများကြောင့် သေ ဆုံးသူ ရှစ်ဦးခန့်ရှိခဲ့ပြီး အသက် ၂၀ ၀န်းကျင်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်လိုက်ခံရသဖြင့် သေဆုံးသူများထဲ တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း နေထိုင်သည့် အမျိုးသမီးနှစ်ဦး ပါဝင်ပြီး တစ်ဦးမှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ်အတွင်း အမျိုးသမီးနှစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်မှာ လမ်းမပေါ်တွင် သွယ်တန်းထားသည့် လျှပ်စစ် ဓာတ်အားပေးကြိုး၏ အရည်အသွေး ညံ့ဖျင်းမှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ယင်းသို့ လျှပ်စစ်ဓာတ်အားပေးကြိုးများ ပြတ်ကျရခြင်းနှင့် ပတ်သက်ပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ လျှပ် စစ်ဓာတ်အား ဖြန်ဖြူးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် ကိုယ့် အန္တရာယ် ကိုယ်ကြည့်ရှောင်ကြရန် စက်တင်ဘာ ၁၅ ရက်က မဇ္ဈိမကို ပြောထားခဲ့ဖူးသည်။

ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်းကလည်း လျှပ်စစ်ဓာတ်အားပေး လိုင်းကြိုးများ ပြတ်ကျသဖြင့် လူသေ ဆုံးခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးပြီး အဆိုပါဖြစ်စဉ်များအတွက် သက်ဆိုင်ရာမြို့နယ်ရဲစခန်းများက သေမှု သေခင်းအဖြစ်သာ အမှုဖွင့်ပေးခဲ့သည်။

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီမှ စက်တင်ဘာ လ၀က်အထိ မြန်မာနိုင်ငံတွင် ဓာတ်လိုက်ခံရသဖြင့် သေဆုံးသူ ၅၅ ဦးထက်မနည်း ရှိနေပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျသဖြင့် သေဆုံးသူ ရှစ်ဦးခန့်ရှိနေပြီ ဖြစ် သည်။

No comments: