ကွန်းချမ်း
ရေးမြို့မှ ရန်ကုန်သို့ စက်တင်ဘာ ၂၄ ရက်က စတင် ပြေးဆွဲရန် စီစဉ်ထားသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် ဗန္ဓုလ သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ရွှေမြိုင်သူယာဉ်များ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက် မရရှိသည့်အတွက် ရန်ကုန်သို့ ပြန်သွားကြပြီဟု ရေးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ နာယက ဦးကျော်နိုင် က ပြောသည်။
၎င်းက “အဝေးပြေးကွင်း ပီပီပြင်ပြင် မရှိတဲ့အတွက် အဝေးပြေးယာဉ်တွေ မြို့ထဲမှာ ရပ်ပြီး ခရီးသည် အတင်အချလုပ်နေလို့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတဲ့အတွက် မြို့နယ်ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ပြေးဆွဲခွင့် မပြုတာလို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောတယ်” ဟု ပြောသည်။
ယာဉ်လိုင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည့် ဗန္ဓုလသယ်ယူပို့ဆောင်ရေး လုပ်ငန်းကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့များနှင့် တွေ့ဆုံစဉ် စက်တင်ဘာ ၂၃ ရက်တွင် ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်က တားမြစ်ခဲ့ခြင်း ဖြစ်သည်။
ဗန္ဓုလ သယ်ယူပို့ဆောင်ရေးဘက်ကမူ ပြေးဆွဲခွင့်ရရန် လွန်ခဲ့သည့် ၁၀ ရက်ခန့်က ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြခဲ့ပြီး၊ ကန့်ကွက်ရန် မရှိကြောင်း ထုတ်ပြန်ပေးခဲ့သည်ဟု ပြောသော်လည်း မြို့နယ် ယာဉ်လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီဘက်ကမူ ယာဉ်ပြေးဆွဲခွင့် ရရန် တင်ပြထားခြင်း မရှိဟု ဆိုသည်။
မြို့နယ် ယာဉ်လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်အေးမြင့်က “ပြေးဆွဲခွင့် မတင်ထားလို့ အုပ်ချုပ်ရေးမှူးက ခွင့်မပြုတာ။ လုပ်ထုံး လုပ်နည်းနဲ့အညီ လုပ်ရင် ခွင့်ပြုပေးဖို့ ရှိတယ်” ဟု ပြောသည်။
ယာဉ်လိုင်းပြေးဆွဲခွင့် ရရှိရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပြေးဆွဲသွားမည် ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး လိုအပ်သည့်အတွက် မိမိတို့ယာဉ်လိုင်းအနေဖြင့် လာရောက်ပြေးဆွဲရခြင်း ဖြစ်သည်ဟု ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၄ ရက်က ရေးမြို့နယ် စစ်မှုထမ်းဟောင်းရုံး၌ ပြုလုပ်သည့် ယာဉ်လိုင်းသစ်ဖွင့်ပွဲတွင် ပြောသည်။
အဝေးပြေးကွင်း ပီပြင်မှု မရှိခြင်းကြောင့် ရေးမှ ရန်ကုန်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း ငါးလိုင်း၊ ရေးမှ မော်လမြိုင်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း နှစ်လိုင်းမှာ မြို့တွင်တွင် ရပ်တန့်ကာ ခရီးသည်အတင်အချ ပြုလုပ်နေခြင်းနှင့် ကုန်တင်ကားများ၊ ဟိုင်းလတ်ယာဉ်များ၊ ဒေသတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများဖြင့် ရေးမြို့အတွင်း ယာဉ်ကြောပိတ်ဆို့နေမှုများ ဖြစ်ပွားလျက်ရှိသည်။
No comments:
Post a Comment