Saturday, September 20, 2014

အိမ်ခြံမြေ ဝယ်ယူရောင်းချမှုများမှ ကျသင့်အခွန်ကို ကာလပေါက်ဈေးအတိုင်းသာ သတ်မှတ်သွားမည်

သီဟကိုကို

အိမ်၊ မြေ၊ ကွန်ဒို၊ တိုက်ခန်းများကို ဝယ်ယူရောင်းချပြီးနောက် အချိန်ကြာမြင့်မှ အခွန်လာရောက်ပေးသွင်း ပါက အခွန်ဌာနသို့ ဆက်သွယ်ချိန်တွင် ဖြစ်ပေါ်နေသည့် ကာလပေါက်ဈေးဖြင့်သာ တွက်ချက်ကာ အခွန် ကျသင့်မည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိမ်၊ မြေ၊ ကွန်ဒို၊ တိုက်ခန်းများ၏ ကာလတန်ဖိုးများကို အခါအားလျော်စွာ ပြောင်းလဲသတ်မှတ်မှုများရှိ မည်ဖြစ်သည့်အတွက် ကာလတန်ဖိုးစိစစ်သတ်မှတ်ထားသော်လည်း အခွန်ပေးသွင်းခြင်းမရှိဘဲ နောက် တွင်မှ အခွန်လာရောက်ပေးသွင်းလျှင် လာရောက်သည့်နှစ်၏ ကာလပေါက်ဈေးဖြင့်သာ အခွန်တန်ဖိုး ကျသင့်မည်ဖြစ်ရာ အခွန်ထမ်းများမှာ နစ်နာနိုင်သည်ဟု အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့က စက်တင်ဘာ ၁၈ ရက်၌ သတိပေးနှိုးဆော်ထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဒီလပိုင်းတွေမှာ အရောင်းအဝယ်လုပ်ထားပြီး အခွန်ဌာနကို မဆက်သွယ်ဘူး။ ကာလတန်ဖိုး သတ်မှတ်ချက်က နောက်လတွေမှာ အပြောင်းအလဲဖြစ်သွား မှ အခွန်ဌာနကို ဆက်သွယ်ရင် ဈေးက တူချင်မှတူတော့မယ်။ ဒါဆို အခွန်ဌာနနဲ့ ပြည်သူကြားမှာ ဘာမှ မဟုတ်ဘဲနဲ့ အမြင်မကြည်တာတွေ ဖြစ်ကုန်မယ်။ အဲဒါကြောင့် အခုဝယ်ရင် အခုချက်ချင်းပဲ အခွန်ဌာနနဲ့ ဆက်သွာဖို့ နှိုးဆော်တာပါပဲ။ အချိန်ကြာသွားလို့ သတ်မှတ်ဈေးက မြင့်သွားသည်ရှိရင် ကာယကံရှင်တွေ နစ်နာသွားမယ်”ဟု ပြောသည်။

အိမ်၊ မြေ၊ ကွန်ဒို၊ တိုက်ခန်း တည်ဆောက်ခြင်းမပြုမီ သို့မဟုတ် တည်ဆောက်ဆဲကာလတွင် အခန်းကို ကြိုတင်ရောင်းချ ၀ယ်ယူထားသူများသည် ပထမကြိုတင် အရစ်ကျငွေကို ရရှိသည်နှင့် အခွန်ဌာနသို့သွားရောက်ကာ ကြိုတင်ဝင်ငွေခွန် ပေးဆောင်ထားရန် လိုအပ်ပြီး အဆောက်အအုံ တည်ဆောက်ပြီးစီးသည့် ကာလမှသာ အခွန်ဌာနသို့ ဆက်သွယ်လျှင် အခွန်ထမ်းများ နစ်နာနိုင်သည်ဟု ထုတ်ပြန်ထားသည်။

အိမ်၊ မြေ၊ ကွန်ဒို၊ တိုက်ခန်း ၀ယ်သူ၊ ရောင်းသူ၊ တည်ဆောက်သူများသည် မိမိတို့ ရောင်းချထားသည့် အခန်းများကို အရောင်းအ၀ယ်လွှဲပြောင်းပြီးသည်နှင့် တစ်ပြိုင်နက် ကျသင့်ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် များကို ထမ်းဆောင်ရမည်ဖြစ်သည်။

အဆောက်အအုံကို ကိုယ်ပိုင်သုံးအတွက် တည်ဆောက်သူများသည်လည်း တည်ဆောက်ဆဲနှစ်များအလိုက် ပြီးစီးမှုကို ဖော်ပြပြီး အခွန်စည်းကြပ်မှုခံယူရန်နှင့် အဆောက်အအုံပြီးချိန်တွင် အပြီးသတ်အခွန် စည်းကြပ်မှုကို ခံယူရမည်ဖြစ်သည်။

No comments: