Thursday, September 18, 2014

ရဲဓါးပြအား တပ်ပြေးမှု တမှု ဖြင့်သာ အရေးယူမည့် အပေါ် မူစယ် ဒေသခံများ မကျေနပ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း မူစယ် မြို့တွင် လောင်းကစား ရှုံးရာမှ အိမ် တအိမ်အား ဝင်ရောက် ဓါးပြ တိုက်သော တပ်ပြေးရဲကို တပ်ပြေးမှု တမှုဖြင့်သာ အရေးယူမည့် အပေါ် မူစယ် ဒေသခံများ ကျေနပ်မှု မရှိ ဖြစ်နေကြာင်း သိရပါသည်။

စက်တင်ဘာလ ၁၄ ရက်ညက ကွန်လုံမှတပ်ပြေးရဲတဦး လောင်းကစားရှုံးရာမှ ကောင်းမူးလွယ်ရပ်ကွက်ရှိ နေအိမ်တအိမ်သို့ ၀င်ရောက်ဓါးပြတိုက်ရာ မအောင်မြင်သဖြင့် ဖမ်းဆီးခံခဲ့ရသည်။

“ကွန်လုံက တပ်ပြေးလာတဲ့ရဲသား မောင်ရူမောင် ။ လောင်းကစားရှုံးတော့ ကောင်းမူးလွယ်ရပ်ကွက်က ကိုမောင်စိန် ဒေါ်နန်းကိန်တို့အိမ်ကိုဝင်ပြီး ဓါးပြတိုက်တယ်။ သေနတ်အတုနဲ့ကျောက်လှည့်ကိုင်ပြီးတော့။ ဒေါ်နန်းကိန်က ပြန်ပြီးခုခံလို့ ဓါးပြတိုက်တာ မအောင်မြင်ဘဲ ထွက်ပြေးတယ်” ဟု ကောင်းမူးလွယ်ရပ်ကွက်သား စိုင်းလုံက ပြောသည်။

ရဲဓါးပြက အိမ်ရှင်နန်းကိန်အား လည်ပင်းတွင် ကျောက်လှည့်ဖြင့်ချိန်ရွယ်ပြီး အဖိုးတန်ပစ္စည်းများထားရှိသည့် နေရာသို့ လိုက်ပြခိုင်းကြောင်း၊ လိုက်ပြရန်အသွား ဓါတ်မီးလင်းတချက်မလင်းတချက်ဖြစ်နေသည်ကို အခွင့်ယူကာ အိမ်ရှင်ဒေါ်နန်းကိန်က ပြန်လည်ခုခံရာ ကျောက်လှည့်ကို နန်းကိန်က ရရှိသွားကြောင်း၊ ရဲဓါးပြက သေနတ်ဖြင့် ပြန်လည်ချိန်ရွယ်ရာ နန်းကိန်က ပြန်လည်ခုခံသည့်အတွက် သေနတ်အတု လွှတ်ကျသွားသဖြင့် ရဲဓါးပြက ထွက် ပြေးကြောင်း တာဝန်ရှိပုဂ္ဂိုလ်များအား အိမ်ရှင်ကရှင်းပြသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦးက ပြောပြသည်။

“သူ့သေနတ်က သေနတ်အတုမှန်းသိသာတယ်လေ။ အဲတာကြောင့် ပြန်ခုခံရဲတာ။ အဲဒီရဲ ထွက်ပြေးဖို့ကြိုးစား တော့ ခြံတံခါးကျော်တက်ဖို့လုပ်နေတုန်း ကျမလည်း ခြံစည်းရိုးမှာမှီထားတဲ့ သံချောင်းနဲ့ ရိုက်ထဲ့လိုက်တယ်။ ထိတယ်။ ဒါမယ့် သူကျော်တက်ပြီး ထွက်ပြေးနိုင်ခဲ့တယ်။ ကျမက အော်တယ်။ ကံကောင်းချင်တော့ လုံခြုံရေး လှည့်တဲ့ကင်းအဖွဲ့နဲ့ဆုံလို့ အရပ်သားတွေနဲ့ ဝိုင်းရှာရင်း ဖမ်မိသွားတာ” ဟု နန်းကိန်က ရှင်းပြခဲ့သည်ဟု ဆိုပါ သည်။

မူစယ်တွင် စက်တင်ဘာလ ၁၃ ရက်မှ ၁၉ ရက်နေ့အထိ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်သဖြင့် ရပ်ကွက်လုံခြုံ ရေးများ ညတိုင်း ကင်းလှည့်နေခြင်း ဖြစ်ပါသည်။

သို့သော် အဆိုပါ ရဲတပ်ပြေးဓါးပြအား ရွာသားများ ဖမ်းဆီးမိပြီးပြီးချင်း မူစယ်ရဲများလည်း ရောက်ရှိလာကာ ရဲကားပေါ်သို့ ဖမ်းဆီးတင်ဆောင်သွားကြောင်း ဒေသခံများက ပြောပါသည်။

ရပ်ကွက်တွင်းနေ အသက် ၅၀ အရွယ် ဒေသခံတဦးကလည်း အဆိုပါ ရဲဓါးပြသည် ကွန်လုံမှ တပ်ပြေးလာသည့် ရဲဖြစ်ရာ ကောင်းမူးလွယ်ဒေသအတွင်း အကြောင်းသိလမ်းသိသူ တစုံတယောက်တော့ ရှိနိုင်မည်ဖြစ်ကြောင်း ပြောဆိုပါသည်။

တဖက်တွင်လည်း မူစယ်ရဲတပ်ဖွဲ့က အဆိုပါ ရဲဓါးပြအား ဓါးပြတိုက်ခြင်း လောင်းကစားခြင်း စသည်တို့ဖြင့် တရား စွဲပြစ်ဒဏ်ပေးမည် မဟုတ်ကြောင်း၊ တပ်ပြေးမှုတခုတည်းဖြင့်သာ တရားစွဲပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း စိုင်းလုံ က ရှင်းပြသည်။

“အခုဟာက တပ်ပြေးတမှုဘဲ အရေးယူမယ်ဆိုတော့ မဖြစ်သင့်ပါဘူး။ ပြည်သူလူထုကို ကာကွယ်ဖို့ ရဲသားက တောင်မှ လောင်းရှုံးလို့ ဓါးပြတိုက်တယ်။ ရှေ့ဆက်လူထုအတွက် လုံခြုံရေး ဘယ်လိုလုပ်စိတ်ချနိုင်တော့မလဲ။ တာဝန်ရှိအာဏာပိုင်တွေကို ပြည်သူက ဘယ်လိုယုံကြည်ရမှာလဲ။ ဒီအတွက် ကျနော်တို့ရပ်ကွက်သားတွေက အင်မတန်စိုးရိမ်နေကြပါတယ်။ လောင်းကစားဝိုင်းရှိနေသေးသရွေ့တော့ ဒီလိုအမှုအခင်းတော့ ရှိနေဦးမှာဘဲ။ ပြည်သူတွေသာကမက အာဏာပိုင်တွေလည်း စာရိတ္တပျက်စီးကုန်ပြီ။ ဒါကြောင့် ဒီလိုခိုးဆိုးလုယက်မှုတွေ ထပ်မဖြစ်စေချင်ဘူးဆိုရင်တော့ လောင်းကစားတွေကို အရေးယူသင့်တာပေါ့” ဟု ကောင်းမူးလွယ်ရပ်ကွက်သား စိုင်းလိတ်ကလည်း ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ရှိ ဟိုမွန်ရပ်ကွက်၊ စွမ်စော်ရပ်ကွက်၊ ကောင်းမူးတုံရပ်ကွက်တို့တွင် လောင်းကစားဝိုင်း၊ ဂိမ်းဆိုင်များ အများအပြား ရှိနေကြောင်း၊ အဆိုပါ လောင်းကစားဝိုင်း၊ ဂိမ်းဆိုင်များကို တရုတ်ပြည်မှသူဌေးများက ဒေသတွင်းပြည်သူ့စစ်(ကောင်းခါး၊ ပန်းဆေး)နာမည်များဖြင့် လာဖွင့်လှစ်ထား ကြောင်း၊ စစ်မှုထမ်းဟောင်းများ ဖွင့်လှစ်ထားသည့်ဆိုင်များလည်းရှိကြောင်း ဒေသခံများက ပြောပြပါသည်။

No comments: