Tuesday, September 9, 2014

မောင်တောတွင် စစ်တပ်တပ်ရင်း ၆ ခု ဖြင့် လုံခြုံရေးတိုးမြှင့်

ကေဇူး

အကြမ်းဖက်တိုက်ခိုက်မှု သတင်းများထွက်ပေါ်နေသည့် ရခိုင်ပြည်နယ် မောင်တောနယ်စပ်တွင် စစ်တပ်မှ တပ်ရင်း ၆ ခု၏ လုံခြုံရေး ထပ်မံတိုးမြှင့်လိုက်သည်ဟုနယ်စပ်တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးမှ အမည်မဖော်လိုသူ တစ်ဦးက စက်တင်ဘာ ၈ ရက်တွင် မဇ္ဈိမကိုပြောသည်။

ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ဖြစ်သော ရခိုင်ပြည်နယ်မောင်တော နယ်စပ်ခြံစည်းရိုးကို အဓိက လုံခြုံရေးပိုယူထားပြီး ယခု တစ်ပတ်အတွင်း တပ်မတော်မှ ဗျူဟာ နှစ်ခုဖြင့် တပ်ရင်း ၆ ခု ထပ်မံ တိုးမြှင့်လိုက်ခြင်းဖြစ်သည် ဟုဆိုသည်။

“တပ်ရင်းတစ်ခုစီမှာ အင်အားလည်း များတယ်”ဟု ၎င်းက မဇ္ဈိမကိုပြောသည်။

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကို အမှတ် ၁ နယ်ခြားစောင့်တပ်ရင်းတွင် အင်အား ၃၀၀၀ ကျော်ဖြင့် ဒေသ ၁၊ ၂၊ ၃၊ ၄ တွင် ကွက်ကဲလျက်ရှိရာမှ ထိုသို့ ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုအင်အားကို မောင်တော မြို့ပေါ်နှင့် နယ်စပ်ခြံစည်းရိုးများကို အဓိက ချထားခြင်းဖြစ်ပြီး ကင်းလှည့်ရာတွင်လည်း အင်အားတိုးမြှင့်ထားသည်ဟုဆိုသည်။

“ည တစ်နာရီဆိုရင် တစ်မြို့လုံးကင်းလှည့်ကင်းလှည့်တယ်၊ လုံခြုံရေးကတော့ တော်တော်ကို များတယ်”ဟု မောင်တော် မြို့ပေါ်ဒေသခံ ကိုသိန်းရွှေကပြောသည်။

စက်တင်ဘာ ၃ ရက်က အယ်ခိုင်ဒါအဖွဲ့က မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသော်လည်း ပြည်ထောင်စု အစိုးရက လုံခြုံရေးအတွက် လိုအပ်သော အစီအမံများ ဆောင်ရွက်ထားပြီး စိုးရိမ်းစရာမရှိဟု ထုတ်ပြန်ထားသည်။

သို့သော် ရခိုင်ပြည်နယ် နယ်စပ်တွင်မူ လုံခြုံရေးတိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ် နယ်စပ်တွင်မူ အယ်ခိုင်ဒါ၏ ခြိမ်းခြောက်မှုကို စိုးရိမ်မှုထက် ရိုဟင်ဂျာ စစ်သွေးကြွများအဖွဲ့ RSO နှင့် ပတ်သက်၍ ပိုမို စိုးရမ်မှုဖြစ်ပေါ်နေသည်ဟု ဆိုသည်။

မောင်တောခရိုင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကမူ RSO စစ်သွေးကြွများ၏ အန္တရာယ်ကြောင့် မောင်တောခရိုင်အတွင်းရှိ ပညာရေးဝန်ထမ်းများ အနေဖြင့်လုံခြုံရေးအရ သွားလာရေး ဆင်ခြင်ကြရန် လတ်တလော ထုတ်ပြန်ထားသည်ဟု မောင်တောမြို့နယ်မှ မူလွန်ကျောင်းအုပ်ဆရာကြီး တစ်ဦးက ပြောသည်။

“ကျွန်တော်တို့စာသင်ရတာက ဘင်္ဂလီရွာမှာ ဘင်္ဂလီကျောင်းသားတွေကို သင်ရတာ ကျောင်းဆရာက ခြောက်ယောက်ပဲရှိတယ် ကိုယ့်လုံခြုံရေးကို ဂရုစိုက်ဖို့ဆို ကျောင်းမတက်ဘဲနေရုံပဲရှိတယ်။ အစိုးရက ဒီလိုနေရာမျိုးမှာတော့ လုံခြုံရေးပေးသင့်တယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်ကမူ ဒေသခံများ လုံခြုံရေးသတိပြုရန် ပြည်ထောင်စု အစိုးရကလည်း ညွှန်ကြားထားခြင်း မရှိသလို၊ ပြည်နယ် အစိုးရက လည်း ညွှန်ကြားထားမှုမရှိဟု စက်တင်ဘာ ၇ ရက်က မဇ္ဈိမကိုပြောထားသည်။

လက်ရှိတွင်မောင်တော မြို့ပေါ်ကျောင်းအချို့တွင် ဆရာ၊ဆရာမ အချို့ကို လုံခြုံရေး ယူထားပေးသော်လည်း မြို့နှင့် အလှမ်းဝေးသော ကျေးရွာများတွင် ကျောင်းများကို လုံခြုံရေး ချထားပေးခြင်း မရှိဟုဆိုသည်။

ရခိုင်ပြည်နယ် မောင်တော၊ဘူးသီးတောင် နယ်စပ်များကို အဓိက လုံခြုံရေး တိုးမြှင့်ထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ မြောက်ဦး၊ မြေပုံ၊ မင်းပြားနှင့် အခြားမြို့များကို ရေကြောင်းလုံခြုံရေးနှင့် ရဲတပ်ဖွဲ့က အဓိက လုံခြုံရေးရယူထားသည်ဟုဆိုသည်။

No comments: