Wednesday, September 17, 2014

ဟံသာဝတီလေဆိပ်သစ် တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများ၏ အဆိုပြုလွှာကို သမ္ပတရုံးသို့ တင်ပြ

သီဟကိုကို

ဟံသာဝတီလေဆိပ်စီမံကိန်း တည်ဖဆာက်ရေးအတွက် တင်ဒါလျှောက်ထားသည့် နိုင်ငံတကာ ကုမ္ပဏီများ၏ အဆိုပြု ချက်များကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားသည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဟံသာဝတီလေဆိပ်စီမံကိန်း တင်ဒါလျှောက်ထားသည့် အင်ချွန်း (ကိုရီးယား) နှင့် ယောင်နမ် (စင်ကာပူ) ကုမ္ပဏီအုပ်စုနှစ်ခု စလုံး၏ အဆိုပြုတင်ပြချက်များသည် နိုင်ငံတော်အဆင့်မှ အတည်ပြုဆုံးဖြတ်ရမည့် အချက်အလက်များ ပါဝင်နေသည့်အတွက် တင်ပြထားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အင်ချွန်းကုမ္ပဏီအုပ်စုသည် ဟံသာဝတီလေဆိပ် တည်ဆောက်ရေးစီမံကိန်းတွင် နိုင်ငံတော်အစိုးရ၏ အာမခံချက်ကို အဆိုပြု ထည့်သွင်းထားခြင်းဖြစ်သည်။

ယောင်နမ်ကုမ္ပဏီအုပ်စုကမူ အိုဒီအေချေးငွေ (Official Development Assistance - တရားဝင် ဖွံ့ဖြိုးရေး အကူအညီ) ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုဖြင့် လေဆိပ်တည်ဆောက် ရေးစီမံကိန်းကို အကောင်အထည်ဖော်ရန် အဆိုပြုထားကြခြင်းဖြစ်သည်။

ဟံသာဝတီလေဆိပ်စီမံကိန်း တည်ဆောက်ရေးအတွက် ပထမအကြိမ် တင်ဒါခေါ်ယူရာတွင် နောက်ဆုံးအ ဆင့်၌ ကုမ္ပဏီလေးခု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အင်ချွန်းကုမ္ပဏီအုပ်စုက တင်ဒါအောင်မြင်ကာ အရန်တည် ဆောက်ရေးကုမ္ပဏီအဖြစ် ယောင်နမ် ကုမ္ပဏီအုပ်စုကို ရွေးချယ်ခဲ့သည်။

ဟံသာဝတီလေဆိပ်စီမံကိန်းသည် ကန်ဒေါ်လာသန်း ၁,၅၀၀ ခန့် ရင်းနှီးမြှုပ်နှံ တည်ဆောက်ရမည်ဖြစ် သည့်အတွက် တင်ဒါအောင်ကုမ္ပဏီနှင့် ဘဏ္ဍာရေးဆိုင်ရာအချက် အလက်များကို ဆက်လက်ဆွေးနွေးရာ တွင် သဘောတူညီမှုမရရှိသည့်အတွက် အရန်လျာထားသည့် ကုမ္ပဏီနှင့် ဆွေးနွေးရာ အိုဒီအေချေးငွေဖြင့် ဘဏ္ဍာရေးကဏ္ဍကို တင်ပြချက် ပါဝင်လာသည်။

ပထမအကြိမ် တင်ဒါခေါ်ယူထားသည့် အချက်အလက်များတွင် အိုဒီအေချေးငွေကို ခွင့်ပြုထားခြင်းမရှိသည့် အတွက် ကုမ္ပဏီများကို အိုဒီအေချေးငွေ ၅၀ ရာခိုင်နှုန်း ခွင့်ပြု ချက် ပါဝင်သည့်တင်ဒါကို ယခုနှစ် ဧပြီလ၌ ဒုတိယအကြိမ် ပြန်လည်ခေါ်ယူခဲ့သည်။

တင်ဒါပြန်လည်ခေါ်ယူရာတွင် အင်ချွန်း ကုမ္ပဏီအုပ်စုနှင့် ယောင်နမ်ကုမ္ပဏီအုပ်စုတို့သာ ပြန်လည် လျှောက်ထားခဲ့သည်။

No comments: